Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ပြည်ထောင်စုဝန်ကြီးများ “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်မှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၃၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ရှိ အနုပညာဦးစီးဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ”  ဇာတ်တော်ကြီး ဇာတ်တိုက် လေ့ကျင့်မှုများကို ကြည့်ရှုစစ်ဆေး အားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်သို့ တက်ရောက်လာသူများကို “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်တော်ကြီး တင်ဆက်ကပြရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဇာတ်တော်ကြီး တင်ဆက်ကပြ အပြီးတွင် ပြည်ထောင်စုဝန်ကြီးက ပြင်ဆင်သင့်သည့် ဇာတ်ဝင်ခန်းများ၊ ဇာတ်ဝင် ဇာတ်စာ ဇာတ်စကားများကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။ ဆက်လက်၍ ဇာတ်တော်ကြီး တင်ဆက်ကပြသော အနုပညာရှင်ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးကိုကို၊ ဦးမောင်မောင်အုန်း၊ ဦးအောင်နိုင်ဦးနှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က ဂုဏ်ပြုငွေများ ပေးအပ်ကြသည်။

“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်ကြီးတွင် နတ်သျှင်နောင်အဖြစ် တက္ကသိုလ်အားမာန်၊ ရာဇဓာတုကလျာအဖြစ် ဒေါ်ဇာနည်အောင်၊ ရဝေရှင်ထွေးအဖြစ် ဒေါ်သီရိမျိုးစံ၊ အင်းဝဘုရင် မင်းရဲနန္ဒမိတ်အဖြစ် ရွှေတံဆိပ်ဆုများရှင် ဦးဉာဏ်ဝင်း၊ လူရွှင်တော်များ ဖြစ်ကြသည့် ဝမ်းတူး၊ အာပြဲ၊ ရောင်နီ၊ လမုန့်နှင့် ဇာတ်ပို့ဆိုင်း ရွာစား နိုင်လင်းဗိုလ်နှင့်အဖွဲ့တို့က ပံ့ပိုးတီးခတ်ထားသည်။

အနုပညာ ဦးစီးဌာနသည် ရိုးရာယဉ်ကျေးမှု အနုသုခုမ အမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ စိတ်အပန်းပြေစေရန်အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို အခြေခံသည့် ဖျော်ဖြေရေး အစီအစဉ်များကို ဖော်ထုတ်ပြသရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

(သတင်းစဉ်)