Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဗိုဗီနမ် နည်းပြသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဩဂုတ် ၃၀

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “၂၀၂၂ ခုနှစ်၊ ဗိုဗီနမ် နည်းပြသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား”ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၊ Gold Camp ရှိ Multipurpose Hall ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြိုင်ပွဲများကို စနစ်တကျ စည်းကမ်းပြည့်ဝစွာ ကျင်းပနိုင်ရေးနှင့် မျိုးဆက်သစ် အားကစားသမားများအား လေ့ကျင့်သင်ကြားပေးရာတွင် တာဝန်ယူကြရမည့် နည်းပြများအနေဖြင့် နည်းစနစ်များနှင့် နည်းဥပဒေများကို ကျွမ်းကျင်ပိုင်နိုင်စေရန်နှင့် မှန်ကန်စွာ သင်ကြားလေ့ကျင့်ပေးရန်အတွက် ယခုသင်တန်းတွင် စာတွေ့/လက်တွေ့ သင်ခန်းစာများအား စနစ်တကျ သင်ကြားပို့ချပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် စာတွေ့/လက်တွေ့ သင်ခန်းစာများ၊ နည်းစနစ်များနှင့် နည်းဥပဒေများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြန်လည်အသုံးချ၍ အကောင်အထည်ဖော်ပြီး အဖွဲ့ချုပ်နှင့် နိုင်ငံတော်အတွက် အားကိုးအားထား ပြုရသည့် နည်းပြဆရာကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်နှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများစွာ မွေးထုတ်ပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား၊ သင်တန်းသူ(၂)ဦးကို သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဒုတိယအကြို ဗိုလ်လုပွဲ ပွဲစဉ်အား တက်ရောက်ကြည့်ရှု အားပေးသည်။

တတိယလုပွဲ ပွဲစဉ်အဖြစ် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် စက်တင်ဘာ ၂ ရက် ညနေပိုင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)