Skip to main content

မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အဆောက်အဦဖွင့်လှစ်

နေပြည်တော် ဩဂုတ် ၃၀

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၁၈)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအတွက် အသုံးပြုရန် မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အဆောက်အဦဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ Dr. Zheng Zhihong နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာနအနေဖြင့် မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများအကြား သတင်းအချက်အလက် ဖလှယ်မှုစင်္ကြန်မှတဆင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် လယ်ယာကဏ္ဍ ကျေးလက်ကဏ္ဍဆိုင်ရာ စီမံကိန်း အချက်အလက်များ၊ ညွှန်းကိန်းများကို အပြန်အလှန် ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက် ဌာနတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုတိုးတက်ရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်သွယ်ဆောင်ရွက်မှု မူဘောင်များရေးဆွဲရေး စသည့်လုပ်ငန်းများကို ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ သတင်းအချက်အလက် ဌာနရှိခြင်းဖြင့် မိမိတို့နိုင်ငံအတွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် စားနပ်ရိက္ခာ ထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များစုစည်းခြင်း၊ စာရင်းပြုစုခြင်း၊ စိစစ်ခြင်း စသည့် အလေ့အကျင့်နှင့် အတွေ့အကြုံများကို မြှင့်တင်နိုင်မည်ဖြစ်ပြီး နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုများလည်း အားကောင်းလာမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး ယာယီတာဝန်ခံက နှုတ်ခွန်းဆက်စကား ပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း(၂၀၁၈) ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌက စီမံကိန်း လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၁၈)ဖြင့် ဆောင်ရွက်သည့် စားနပ်ရိက္ခာလုံခြုံရေးနှင့် သတင်းအချက်အလက်များလေ့လာသုံးသပ်ခြင်းနှင့် ညွှန်ကိန်းများအတွက် ပံ့ပိုးပေးနိုင်ရန် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာ စာရင်းအင်းအချက်အလက် စင်္ကြန်တစ်ခု တည်ထောင်ခြင်း စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ သံရုံးယာယီတာဝန်ခံနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက် ဗဟိုဌာန အဆောက်အဦကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး မုခ်ဦးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာ စာရင်းအင်းအချက်အလက်ဌာန ကြေးပြားဆိုင်းဘုတ်ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက် ဗဟိုဌာနအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများပါဝင်သော မဲခေါင်-လန်ချန်း နိုင်ငံများအကြား အပြန်အလှန်လေးစားမှု ယုံကြည်မှု တန်းတူညီမျှရှိမှု၊ တစ်ဦးပေါ်တစ်ဦး နားလယ်ပေးနိုင်မှု စသည်တို့အပေါ်အခြေခံသည့် ချစ်ကြည်ရင်းနှီးမှုနှင့် နွေးထွေးသော ဆက်ဆံမှုများကိုအခြေပြုပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံကိန်း(၃၁)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ဖွင့်လှစ်သည့် မဲခေါင်-လန်ချန်းစီမံကိန်း သတင်းအချက်အလက် ဗဟိုဌာနလုပ်ငန်းသည်လည်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)