နေပြည်တော် ဩဂုတ် ၂၉
“မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနား”ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တိုင်းဒေသကြီး/ ပြည်နယ်များတွင် မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ ၁၄ ခု ဖွင့်လှစ်၍ မူးယစ်ဆေးဖြတ် ကုသမှုခံယူပြီးသူများကို ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ သုံးစွဲသော ဆေးဝါးအလိုက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ဝါသနာပါရာ သက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးခြင်းနှင့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၏ အကူအညီဖြင့် နောက်ဆက်တွဲ စောင့်ရှောက်ပေးခြင်းတို့ကို့ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများရှိ ပြန်လည်ထူထောင်ရေး ဝန်ထမ်းများသည် ပြောင်းလဲလျက်ရှိသော နည်းပညာ၊ ဗဟုသုတ၊ လုပ်ငန်းစဉ်များနှင့်အညီ ပြန်လည်ထူထောင်မှု ခံယူမည့် သင်တန်းသားများကို စနစ်တကျ ပြန်လည်ထူထောင်မှု ပေးနိုင်မည် ဖြစ်သည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။
မူးယစ်ဆေးဖြတ်ပြီးသူများကို ပြန်လည်ထူထောင်မှု ဆောင်ရွက်ရာတွင် ဝန်ဆောင်မှုပေးသူများအနေဖြင့် စွမ်းရည်ပြည့်ဝနေရန် အလွန်အရေးကြီးပါကြောင်း၊ ဝန်ဆောင်မှုပေးနေသူများ စွမ်းရည်ပြည့်ဝနေပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ထိရောက်သော ဝန်ဆောင်မှုပေးခြင်းဖြင့် နောက်တစ်ကြိမ် မူးယစ်ဆေးသုံးစွဲခြင်းမှ တားဆီးကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးစွဲသူများကို ပြန်လည်ထူထောင်မှုပေးရာတွင် တစ်ဦးချင်းအလိုက်၊ အုပ်စုလိုက် စိတ်လူမှုပိုင်းဆိုင်ရာ Counselling ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှု ပေးခြင်းတို့သည် အရေးကြီးပါကြောင်း၊ ထို့ပြင် Self Learning ပြုလုပ်ပြီး ဘာသာရပ်များအလိုက် မိမိတို့ အရည်အသွေးကို မိမိတို့ကိုယ်တိုင်မြှင့်တင်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ၌ မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဥပဒေရေးရာ ဌာန၊ မူးယစ်ဆေးစွဲရောဂါ ကုသရေးနှင့် သုတေသနဌာန၊ မူးယစ်ဆေးစွဲ ရောဂါသုတေသနအသင်း (ရန်ကုန်)၊ ပြင်ပကျွမ်းကျင် ပညာရှင်များနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့မှ ဘာသာရပ်အလိုက် ကျွမ်းကျင်သူများက သင်တန်းနည်းပြများ အဖြစ် သင်ခန်းစာများ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ၅ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်