Skip to main content

ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်

နေပြည်တော် ဩဂုတ် ၂၉

မြန်မာ့ဘောလုံး အားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့် အတန်းမြှင့်တင်ရေးနှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမား များစွာပေါ်ထွက်လာစေရန် ရည်ရွယ်၍ “၂၀၂၂ ခုနှစ်၊ ဝန်ကြီး ဌာနပေါင်းစုံ အသက် ၂၅ နှစ် အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပသည်။

အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ယနေ့ မွန်းလွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ အကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို ငါးဂိုး-တစ် ဂိုးဖြင့် ယှဉ်ပြိုင်အနိုင်ရရှိသည်။

ဩဂုတ် ၃၀ ရက် မွန်းလွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဒုတိယအကြို ဗိုလ်လုပွဲပွဲစဉ်အဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ ဘောလုံး အားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်