နေပြည်တော် ဩဂုတ် ၂၉
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့၏ (၂/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်နှင့် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ရေးဆွဲနိုင်ခဲ့ပြီး လုပ်ငန်းစီမံချက် ပထမငါးနှစ် ကာလတို ၂၀၁၉-၂၀၂၃ စီမံချက်ကို ၂၀၁၉ ခုနှစ်ကစပြီး စက်မှုကုန်ထုတ်ကဏ္ဍနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍတို့ကို ဦးစားပေးနယ်ပယ်သတ်မှတ်ကာ ကနဦးနယ်မြေအဖြစ် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုအနက် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ခရိုင်၊ မြို့နယ်အဆင့်အထိ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
အတွင်းရေးမှူးအဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းများချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းကော်မတီရှစ်ခု၏လုပ်ငန်းဆောင်ရွက်ချက်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု၊ တိုးတက်မှုအခြေအနေများကို ပြန်လည်သုံးသပ်၍ လိုအပ်သလို လမ်းညွှန်မှုပြုနိုင်ရန် အမျိုးသားကော်မတီထံ တင်ပြရမည်ဖြစ်ကြောင်း။
ကလေးသူငယ်များ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရလဒ်ကောင်းများ ရရှိစေရန်အတွက် အတွင်းရေးမှူး အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တင်ပြအတည်ပြုချက် ရယူနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးအကြံပြုကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့ လုပ်ငန်းတာဝန်ခံနှင့် တက်ရောက်လာကြသူများက ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်