နေပြည်တော် ဩဂုတ် ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာအနီးရှိ ဓာတ်အားပေးတာဝါတိုင် ၂ ခုအား ဩဂုတ် ၂၀ ရက် ည ၁၁ နာရီခန့်တွင် KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားပြတ်တောက်လျက်ရှိသည့်သတင်းကို ဩဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့သော မြို့နယ်အချို့တွင် ဓာတ်အားပြန်လည် ပေးအပ်နိုင်ရေးအတွက် မော်လမြိုင်မြို့၊ မဟာဓာတ်အားလိုင်းမှူးရုံးမှ ကျွမ်းကျင် ဝန်ထမ်းများက တာဝါတိုင်များအား ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူး-ကမာနစ် - စစ်တောင်း- သထုံ- မော်လမြိုင်- ကျုံဒိုး -ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ- ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီသို့ ဆက်သွယ်ထားသည့် မဟာဓာတ်အားလိုင်း ၂၃၀ ကေဗွီတာဝါ တိုင်အမှတ်၊ ၁၇၂ အား ပြင်ဆင်ဆောင်ရွက်လျက်ရှိစဉ် ယနေ့ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦးခန့်က အာရ်ပီဂျီ၊ ၄၀ မမ လက်နက်ကြီးများ၊ လက်ဖြောင့်သေနတ်များ၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ချောင်းမြောင်းပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် မဟာဓာတ်အားလိုင်းမှူးရုံးမှ ဝန်ထမ်း ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ ဒဏ်ရာရဝန်ထမ်းများအား ကော့ကရိတ်မြို့ နယ်မြေခံဆေးတပ်ရင်းသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးများ ကုသပေး လျက်ရှိသည်။
ယခုကဲ့သို့ လျှပ်စစ်ဝန်ထမ်းများအား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သည့် KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ဖမ်းဆီးလျက်ရှိကြောင်းနှင့် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။