နေပြည်တော် ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ညောင်ပင်လှကျေးရွာအနီးရှိ PDF အမည်ခံ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိသည့် စခန်းတစ်ခုအား ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ရရှိခဲ့သည်။
ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားများသည် ကောလင်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ညောင်ပင်လှကျေးရွာအနီး သရက်တောအတွင်း ခိုအောင်းနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူတို့၏သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၂၈ ရက် နေ့လယ်ပိုင်းတွင် ဝင်ရောက်ချေမှုန်းခဲ့ရာ အဆိုပါကျေးရွာအနီးရှိသရက်တောအတွင်း PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိသည့်စခန်းတစ်ခုအား တွေ့ရှိခဲ့ပြီး အကြမ်းဖက်သမားများ ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားခဲ့သည်။ ၎င်းနောက် စခန်းအတွင်း အသေးစိတ်ရှာဖွေခဲ့ရာ အလျား ပေ ၂၀ ၊ အနံ ပေ ၃၀ သွပ်မိုးထရံကာတဲ ၁ လုံး အပါအဝင် လူနေ တဲ ၈ လုံး၊ တန်းစီကွင်း ၁ ကွင်း၊ အချုပ်ခန်း ၁ ခန်း၊ တစ်ယောက်ပစ်ကျင်း ၁၀ ကျင်း၊ လက်လုပ်သေနတ် ၁၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်လက်ပစ်ဗုံး ၉ လုံး၊ ဗုံးသီးမျိုးစုံ ၁၆ လုံး၊ မိုင်းမျိုးစုံ ၉ လုံး၊ ဖြူးစ် ၃၈ ချောင်းနှင့် ရီမု ၁ ခု၊ ကျည်မျိုးစုံ ၇၅ တောင့်၊ ကျည်အိမ် ၂ ခု၊ အထိုင်စကားပြောစက် ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ မော်တော်ဆိုင်ကယ် ၃ စီး၊ ယမ်းနှင့်ဆက်စပ်ပစ္စည်းများ၊ KLPDF လက်မောင်းတံဆိပ်ပါ ယူနီဖောင်း ၁ စုံ၊ KIA လက်မောင်းတံဆိပ်ပါ ယူနီဖောင်း ၁ စုံ၊ NLD အလံ ၁ ထည်အပါအဝင် အသုံးဆောင်ပစ္စည်းများနှင့် ဆေးပစ္စည်းမျိုးစုံများအား သိမ်းဆည်းရမိခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ကျေးရွာပြည်သူလူထုကို အကာအကွယ်ရယူခိုအောင်းနေထိုင်ကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။