နေပြည်တော် သြဂုတ် ၂၈
ကောင်းမွန်သော အဏ္ဏဝါသမုဒ္ဒရာပတ်ဝန်းကျင်ဖြစ်စေရေးနှင့် ရေရှည်တည်တံ့သော ရေသယံဇာတလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သတ်မှတ်ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း သြဂုတ် ၂၇ ရက်တွင် ရန်ကုန်မြို့ ကြို့ကုန်းရှိ ငါးလုပ်ငန်းအဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံရေထွက် ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆွေးနွေးပြောကြားသည်၊၊
ဆက်လက်၍ ဒုတိယဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ထိရောက်သောငါးလုပ်ငန်းများ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များချမှတ်၍ ငါးသယံဇာတအရင်းအမြစ်များ၏ ကျက်စားရာနေရာများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ငါးသယံဇာတများကို ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် ပင်လယ်ငါးဖမ်းဆီး ထုတ်လုပ်မှုလျှော့ချရန်နှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေရန်အတွက် ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး အားပေးကူညီလျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများအသင်း၊ ပို့ကုန်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့်အလုပ်အမှုဆောင်များက ဆောင်ရွက်ဆဲ လုပ်ငန်းခွင်အတွေ့အကြုံများ၊ ရှေ့အလားအလာများနှင့် ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီးဌာနဆိုင်ရာအပိုင်းနှင့် ပုဂ္ဂလိကအပိုင်းများကဆောင်ရွက်ရန် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန သီးနှံထွက်ကုန်များစစ်ဆေးရေးဓာတ်ခွဲခန်း၏ ပိုးသတ်ဆေး ဓာတ်ကြွင်းများစစ်ဆေးခြင်း၊ အဆိပ်သတ္တုများစစ်ဆေးခြင်း၊ မှိုအဆိပ်များ စစ်ဆေးဆောင်ရွက်နေမှုနှင့် သီးနှံပိုးမွှားရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးဌာနစုက သီးထိုးယင်ကာကွယ်နှိမ်နင်းရေးဆိုင်ရာလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဓာတ်ခွဲခန်းတာဝန်ခံများက ရှင်းလင်းတင်ပြကြသည်။
အလားတူ တိရစ္ဆာန်ဆေးဝါး ထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲ၏ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများနှင့် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကျွဲနွားကူးစက်ရောဂါ ကာကွယ်ဆေးငါးမျိုး၊ ဝက်ရောဂါကာကွယ်ဆေးနှစ်မျိုး၊ ကြက်ရောဂါကာကွယ်ဆေးတစ်မျိုးနှင့် ဆင်ရောဂါကာကွယ်ဆေး တစ်မျိုးထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဓာတ်ခွဲခန်း အရည်အသွေးမြှင့်တင်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဆိုင်ရာများကို တာဝန်ရှိသူမျာအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်