Skip to main content

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဩဂုတ် ၂၈

၂၀၂၂ ခုနှစ် ဝါတွင်းကာလ၌ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့်ဘိုးဘွားရိပ်သာများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့်စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်လယ်ဝေးမြို့နယ် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇနိန္ဒအမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အလှူငွေလှူဒါန်း

ဦးစွာတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့်ဆေးများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးက တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများ လှူဒါန်းသည့် ဆွမ်းပဒေသာပင် အလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

နေပြည်တော်ကောင်စီနယ်မြေရှိ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင်သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့လှူဒါန်းမှုအစုစုမှာ ဆွမ်းပဒေသာပင် အလှူငွေကျပ် ၁၃၇၇၀၀၀၀၊ ဆန် ၅၂၃ အိတ် ၁၆ ပြည်၊ ဆီ ၁၅၇ ပိဿာ ၁၀ ကျပ်သား၊ ပဲ ၁၅၇၁ ပိဿာ၊ ဆား ၁၅၇၁ ပိဿာ၊ လက်သန့်ဆေးရည် ၅၀၄ ဘူးနှင့် တိုင်းရင်းဆေးမျိုးစုံ ၂၅၀၈ ဘူးတို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေကျပ် ၄၂၅၁၁၅၄၀ ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးစစ်ဆေးပေး

အလားတူ ယနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ကျောင်း၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် တောင်ပယကျေးရွာရှိ တောင်ပယကျောင်းတိုက်၊ မြောက်ပယကျေးရွာရှိ မြောက်ပယကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ်အမှတ်(၂)ရပ်ကွက်ရှိ ဓမ္မရက္ခိတကျောင်းတိုက်၊ မှော်ဘီမြို့နယ် အင်းတန်ကျေးရွာရှိ မဟာရတနာလေထီး တပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ရှိ ဝေဠုဝန်တောရ တပ်ဦးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အာသောကာရာမကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်အုပ်စု ကသာကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၊ အုန်းတော(၁)ရပ်ကွက်ရှိ မြို့မသာသနာ့ရိပ်သာကျောင်း၊ သရက်မြို့နယ် စမ်းအိုင့်ကျေးရွာရှိ အရှေ့ဘုန်းတော်ကြီးကျောင်း၊ စခန်းကြီးကျေးရွာရှိ သီရိမင်္ဂလာတပ်ဦးကျောင်း၊ အောင်လံမြို့နယ် ဇေယျဝတီရပ်ကွက်ရှိ ဝိသုဒ္ဓါရုံသာသနာပြုစာသင်တိုက်၊ ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဆောင်စမ်းကျေးရွာရှိ မြောက်ကျောင်းဘုန်းတော်ကြီးကျောင်း၊ ကျားသေကျေးရွာရှိ သာသနမာမကကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ဟံသာဝတီရပ်ကွက်ရှိ တေဘာတိကာရာမသီလရှင်စာသင်တိုက်တို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄) မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့်လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှတိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်