Skip to main content

တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၂၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ စခန်းတာဝန်ကျကွပ်ကဲရေးမှူးကြီးကြပ်၍ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ ဂျူတီပစ္စည်းများနှင့်အတူ ရောနှောသယ်ဆောင်လာပြီး တရားဝင်တင်သွင်းသယ်ယူခွင့်အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကန့်သတ်တားမြစ်ထားသော လုံခြုံရေးတပ်ဖွဲ့သုံး အဆောင်အယောင်ပစ္စည်းများ၊ အကောက်ခွန်မဲ့ လျှပ်စစ်ပစ္စည်းမျိုးစုံနှင့် မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၆၀၉၁၈၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော Hohan (Sino Truck) Tractor Head အမျိုးအစားမော်တော်ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၈၀၉၁၈၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး(အပေါ်ယာပုံ) အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဩဂုတ် ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ် မကျီးကန်ကျေးရွာအနီး၌ တရားမဝင်တွန်းသင်္ဘောတစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)ကို မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေတို့ အရလည်းကောင်း၊ မြို့သစ်မြို့နယ်မြေပြင်သာအုပ်စု အောင်ချမ်းသာကျေးရွာ၌ တရားမဝင်သစ်မျိုးစုံ ၂၁ ဒသမ ၈၁၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၇၂၇၂)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၈၇၂၇၂ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဩဂုတ် ၂၇ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သင်္ဃန်းညီနောင်ဂိတ်၌ ခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီး/ထိန်းချုပ်ရေးအဖွဲ့နှင့် မြဝတီမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်နှစ်စီးပေါ်မှ အကောက်ခွန်မဲ့စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၃၂၂၄၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၃၂၂၄၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ရတနာပုံတံတား၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ Nissan Super Saloonအမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူပင် ဩဂုတ် ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သောစစ်ဆေးရေးအဖွဲ့က ပြည်-အောင်လံ ကားလမ်း တိုင်းလျှပ်စစ်ရုံးနှင့် ပြည်လေယာဉ်ကွင်းအနီး၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ Caldina အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ သြဂုတ် ၂၄ ရက်၊ ၂၅ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၄ မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၅၅၀၁၄၇၂ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်