ရန်ကုန် ဩဂုတ် ၂၈
၂၀၂၂ ခုနှစ် ဩဂုတ် ၂၅ ရက်နှင့် ၂၆ ရက်များတွင် တီမောလက်စ်တေနိုင်ငံနှင့် အရှေ့တောင်အာရှမှ ရင်ဆိုင်ကြုံတွေ့နေရသော သတင်းမီဒီယာ အခက်အခဲများ ဖိုရမ်(Media Challenges in Timor-Leste and Southeast Asia)ကို ကျင်းပရာ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် တီမောလက်စ်တေနိုင်ငံများမှ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌများနှင့်အတူ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌကိုယ်စားကောင်စီဝင် ဦးအေးချမ်း တက်ရောက်သည်။
ဦးအေးချမ်းသည် ဩဂုတ် ၂၂ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဩဂုတ် ၂၂ ရက်တွင်လည်းကောင်း၊ ဩဂုတ် ၂၃ ရက်တွင် ထိုင်းနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ Denpasar သို့ ၂၃ ရက်တွင်လည်းကောင်းရောက်ရှိခဲ့သည်။ ဩဂုတ် ၂၄ ရက်တွင် ထိုင်း၊ ဖိလစ်ပိုင်ဥက္ကဋ္ဌများနှင့်အတူ တီမောလက်စ်တေနိုင်ငံသို့ရောက်ရှိခဲ့ပြီး ထိုနေ့ညနေတွင် အိမ်ရှင်နိုင်ငံက ဂါလာညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ဩဂုတ် ၂၅ ရက်တွင် ဖိုရမ်၏ပထမနေ့ကို ကျင်းပရာ တီမောလက်စ်တေနိုင်ငံ သမ္မတဒေါက်တာ ဟိုစေးရားမိုစ် အောတာတက်ရောက်ပြီး မြန်မာအပါအဝင်တက်ရောက်လာသူများကို ရင်းနှီးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်သည်။
အဆိုပါ ဖိုရမ်တွင်မြန်မာနိုင်ငံမှ ဦးအေးချမ်းက မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ဖြစ်စဉ်အမှန်များကို နိုင်ငံတကာမှ ပုဂ္ဂိုလ် ၂၀၀ ကျော်ရှေ့တွင် ကိန်းဂဏန်းအချက်အလက်များဖြင့် တိတိကျကျဖိုရမ်တစ်ခုလုံး၏စိတ်ဝင်စားမှုအခံရဆုံး တင်ပြမှုဖြစ်ခဲ့သည်။ ထို့ပြင် တက်ရောက်လာသူများက ယခင်၎င်းတို့သိရှိထားခဲ့သော နိုင်ငံတကာသတင်းမီဒီယာများ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းတု သတင်းမှားများနှင့် ယခုဖိုရမ်တွင် တင်ပြမှုများ လုံးဝကွဲပြားနေသဖြင့် အံ့အားသင့်ရပါကြောင်း သုံးသပ်ပြောဆိုခဲ့ကြသည်။ (ဦးအေးချမ်း၏ တင်ပြမှုကို အရှေ့တီမော၏ တီဗွီမှ ဖိုရမ် တင်ဆက်မှုကို Live လွှင့်ခဲ့ရာ Facebook တွင် Dili Dialogue Forum အနေဖြင့် ကြည့်ရှုနိုင်သည်။)
မြန်မာကိုယ်စားလှယ် ဦးအေးချမ်းသည် ဩဂုတ် ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်