နေပြည်တော် ဩဂုတ် ၂၈
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှ ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိကြသည်။
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက ထာဝငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့်စာသားပါဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များကိုင်ဆောင်၍လည်းကောင်း ကြိုဆိုခဲ့ကြသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက်ခဲ့ပြီး၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းကြရန် သဘောတူညီနိုင်ခဲ့ကြသည်။ ယခုဒုတိယအကြိမ် လာရောက်ဆွေးနွေးရာတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးလိုလားချက်နှင့် အနာဂတ်လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထားကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာရောက်သေးသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မည်သည့်အခြေအနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက်မထားဘဲ လာရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၂) တံတားသို့ရောက်ရှိလာရာ တာချီလိတ်တပ်နယ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပါတီနိုင်ငံရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိုလိုလားထောက်ခံကြသည့် ဒေသခံတိုင်းရင်းသားများက “ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံပါသည်၊ ထာဝရငြိမ်းချမ်းရေးသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုထောက်ခံပါသည်” စသည့်စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်ကာ တာချီလိတ်မြို့ ပြည်ထောင်စုလမ်းမကြီးမှ လေယာဉ်ကွင်းလမ်းအထိ လှိုက်လှိုက်လှဲလှဲဖြင့်ထောက်ခံကြိုဆိုခဲ့ကြသည်။
ထို့နောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့မှ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ကျိုင်းတုံလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။