(၂၈-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်းပုံမှန် ဆောင်ရွက်လျက်ရှိပြီး (၂၇-၈-၂၀၂၂) ရက်နေ့၊ ည(၈:၀၀) နာရီမှ (၂၈-၈-၂၀၂၂)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၅,၇၀၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၃၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ(၀.၅၈)ရာခိုင်နှုန်းရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၃) ဦးအနက် (၄) ဦး၊ (၁၂.၁၂) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၂၉) ဦး၊ (၈၇.၈၈) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၇၁၉,၂၈၃) ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း (၆၁၄,၉၆၂) ဦး ရှိပြီဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၄၆) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူစုစုပေါင်း (၅၉၃,၄၇၅) ဦးရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၇) ဦး ရှိပါ သည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၇-၈-၂၀၂၂) ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၃၆၀,၇၀၉) ဦး နှင့် အသက် (၁၈) နှစ် အောက် လူဦးရေစုစုပေါင်း (၆,၃၆၈,၃၁၂) ဦး တို့အား ထိုးနှံထားရှိပြီးဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများအနက်မှ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းရောဂါပိုး စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများတွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4၊ BA.5၊ BA.2.75 နှင့် BA.2.76 တို့ ကူးစက်မှုများရှိနေကြောင်း တွေ့ရှိရပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းအားဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည်ဖြစ်ရာ အသက် ၅ နှစ်နှင့်အထက် ပြည်သူများအားလုံးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိရန် လိုအပ်သည့်အပြင် အသက် ၁၈ နှစ်နှင့်အထက် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ ၆ လ ရှိနေသော ပြည်သူများသည်လည်း ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံရန်လိုအပ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။