Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဩဂုတ် ၂၈

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ အနော်ရထာလမ်း မင်းကံကြီးရပ်ကွက်ရှိ အဆိုပါအဆောက်အအုံတွင် ကျင်းပသည်။

အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ရုံးအဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ညွှန်ကြားရေးမှူးရုံး ဆိုင်းဘုတ်ကို အမွှေးနံ့သာရေများပက်ဖျန်းပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသစ်နှင့် ရုံးအဆောက်အအုံ မြေညီထပ်တွင် ခင်းကျင်းပြသထားသည့် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယပိုင်းကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်ဖွင့်လှစ်သည့် ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၁၃)ရုံးမြောက်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးစသည့်လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ချက်ထားရှိပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ယခုဖွင့်လှစ်လိုက်သည့် ညွှန်ကြားရေးမှူးရုံးသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများအားလုံးနှင့် သက်ဆိုင်သည့် ရုံးဖြစ်သည့်အတွက် ဒို့တာဝန်အရေး(၃)ပါးကိုမထိခိုက်စေဘဲ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့၏နေ့ထူးနေ့မြတ် အခမ်းအနားများ၊ ဆွေးနွေးပွဲများနှင့်တိုင်းရင်းသားများ၏ အရေးကိစ္စများကို ဤရုံး၌ လွတ်လပ်စွာ လာရောက်ကျင်းပ ဆွေးနွေးနိုင်ပါကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနအသစ်ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ အခက်အခဲများကိုလည်း မကွေးတိုင်းဒေသကြီးအစိုးရအနေဖြင့် ဆက်လက်ကူညီပံ့ပိုးပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်  ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က အမှာစကားပြောကြားကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ရုံးဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များပေးအပ်ကာ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)