Skip to main content

ပြည်တွင်းဆန်လက်ကျန်နှင့်ပတ်သက်၍ ကောလာဟလသတင်းများအပေါ် မီဒီယာများ၏ မေးမြန်းမှုအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြန်လည်ဖြေကြား

နေပြည်တော် ဩဂုတ် ၂၇

ပြည်တွင်း၌ ဆန်လက်ကျန်နည်းပါးနေ ကြောင်း လူမှုကွန်ရက်စာမျက်နှာများနှင့် မီဒီယာ အချို့တွင် မဟုတ်မမှန် ထုတ်ပြန်မှုများကြောင့် ဆန်ဈေးနှုန်းများ တည်ငြိမ်မှုမရှိသဖြင့် ပြည်သူများသို့ ပြည်တွင်းဆန်လက်ကျန် အခြေအနေမှန်ကို သိရှိစေရန်အတွက် မီဒီယာများက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီးက အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်ရှိခဲ့ပြီး စပါးထွက်ရှိမှုမှာ တင်းသန်းပေါင်း ၁၀၈၈ သန်းရှိ၍ နွေစပါးစိုက်ဧကနှစ်သန်းရှိကာ စပါးတင်းသန်းပေါင်း ၂၁၃ သန်းထွက်ရှိခဲ့သည့် အတွက် စုစုပေါင်းထွက်ရှိမှုမှာ စပါးတင်းသန်းပေါင်း ၁၃၀၁ သန်း၊ ညီမျှဆန်တန် ၁၃ ဒသမ ၀၁ သန်းဖြစ်ကြောင်း၊ ထွက်ရှိသောစပါးများအပေါ် မျိုး၊ အလေအလွင့် နုတ်ပယ်၍ အသားတင်ပိုလျှံမှု ပမာဏမှာ ဆန်တန် ၁၂ ဒသမ ၂၈၂ သန်းခန့်ဖြစ်ပြီး ပြည်တွင်းရှိ လူဦးရေ ၅၅ သန်း စားသုံးရန်လိုအပ်ချက်မှာ ဆန်တန် ၉ ဒသမ ၄၀၂ သန်းဖြစ်သည့်အတွက် ပြည်ပတင်ပို့နိုင်မှု ပမာဏမှာ ၂ ဒသမ ၈၈ သန်းခန့် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ဩဂုတ်လကုန်အထိ ပြည်ပတင်ပို့နိုင်မှု ပမာဏမှာ ဆန်တန် ၁ ဒသမ ၃၃၈ သန်းနှင့် ဆန်ကွဲ တန်ချိန် သုည ဒသမ ၈၀၈ သန်းသာ ဖြစ်သည့်အတွက် ဩဂုတ်လကုန်တွင် ပြည်တွင်း၌ လက်ကျန်ဆန် တန်ချိန် ၃ ဒသမ ၆၃၅ သန်း ခန့်ရှိကြောင်း၊ ယင်းလက်ကျန်ဆန်များအပေါ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ လေးလစာ ပြည်တွင်းစားသုံးရန် လိုအပ်ချက်ပမာဏမှာ ဆန်တန် ၃ ဒသမ ၁၃၄ သန်း သာဖြစ်ပြီး စက်တင်ဘာလကုန်တွင် ယခုနှစ်မိုးရာ သီစိုက်ပျိုးသည့် မိုးစပါးစိုက်ဧက ၁၅ သန်းမှ စတင် ပေါ်ထွက်လာမည်ဖြစ်၍ ဆန်ပြည်ပသို့ ပုံမှန် အတိုင်း ဆက်လက်တင်ပို့ရောင်းချနိုင်သည့်အပြင် ပြည်တွင်းစားသုံးမှုအတွက်လည်း စိုးရိမ်စရာမရှိ ကြောင်း ရှင်းလင်းပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် လယ်ယာ ထွက်ကုန်သီးနှံများအပါအဝင် အခြေခံစားသောက် ကုန်များပြည်ပသို့ တင်ပို့ရာတွင် ပြည်တွင်းစားသုံးမှု ပိုလျှံမှသာလျှင် ပြည်ပတင်ပို့ခြင်းအား ခွင့်ပြုပေးပြီး ဆန်ပြည်ပ တင်ပို့မှုတွင်လည်း ပြည်တွင်းဖူလုံမှု ကို ဦးစားပေးတွက်ချက် ချန်လှပ်ပြီးမှသာလျှင် စိစစ်၍ စနစ်တကျတင်ပို့ခွင့်ပြုလျက်ရှိကြောင်း၊ လက်ရှိ ပြည်တွင်းဆန်လက်ကျန်အခြေအနေမှာ မိုးစပါးသစ် မထွက်ပေါ်မီအချိန်အထိ ဖူလုံပိုလျှံသည့် ပမာဏဖြစ်ပြီး ပြည်တွင်းစားသုံးမှုအတွက် ဆန်လက်ကျန် ဖူလုံမှုရှိကြောင်းနှင့် ပြည်သူများအနေဖြင့် မဟုတ်မမှန် သတင်းများအပေါ် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရန် အသိပေးဖြေကြားအပ်ပါသည်။

သတင်းစဉ်