Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ် ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” (Season-2) ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဧည့်ကြိုဆောင် (Lobby)၌ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများ၊ “တူယှဉ်နွှဲပျော် ဂီတပွဲတော်” (Season-2) တွင် ပါဝင်ဆောင်ရွက်ကြမည့် ဒိုင်အဖွဲ့များ၊ အစီအစဉ်တင်ဆက်သူများ၊ ဖိတ်ကြားထားသူများ၊ ပွဲစဉ်(၁/၂)တို့တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ MRTV ခေတ်ပေါ် တေးဂီတအဖွဲ့အပါအဝင် ရိုက်ကူး ထုတ်လုပ်ရေးနှင့် အထောက် အကူပြုအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ စတူဒီယို- A တွင် ပြိုင်ပွဲဝင်သုံးဦး၏ တေးသီချင်းသရုပ်ပြသီဆိုမှုကို ကြည့်ရှုအားပေးပြီး အသံစနစ်၊ မီးစနစ်၊ Stage ပြင်ဆင်မှုများနှင့် အထောက်အကူပြုလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။

ပြည်သူများ နှစ်ခြိုက်အားပေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးက “တူယှဉ်နွှဲပျော်ဂီတပွဲတော်” (Season-2)ကို အဆင်ပြေချောမွေ့စွာ အောင်မြင်အောင် ကျင်းပနိုင်ရန်အတွက် ပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ အနုပညာရှင်များအနေဖြင့်လည်း ပြည်သူများစိတ်ချမ်းသာစေရေး တတ်စွမ်းသည့် အနုပညာဖြင့် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးရန် အချိန်ရောက်ရှိပြီဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် နေပြည်တောင်ကောင်စီ၊ တိုင်း​ဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များနှင့်ပူး​​ပေါင်းပြီး “တူယှဉ်နွှဲပျော် ဂီတပွဲတော်” အစီအစဉ်(၁)ကို ကျင်းပခဲ့ရာ ပြည်သူများ နှစ်ခြိုက်အားပေးမှုကို ရရှိခဲ့ပါကြောင်း၊ ယခုအခါ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” အစီအစဉ်(၂)ကို ဆက်လက် ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုကျင်းပမည့် ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဘက်စုံထောင့်စုံမှ လက်တွဲပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်

သီဆိုယှဉ်ပြိုင်

(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” (Season-2) သီချင်းဆို ပြိုင်ပွဲနှင့်ဖျော်ဖြေပွဲကို စက်တင်ဘာ ၂ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ရာ ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦး ရွေးချယ်စေလွှတ်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပထမအဆင့်တွင် ကိုးဦး စီဖြင့် အုပ်စု ငါးအုပ်စုခွဲ၍ ပွဲစဉ် ၁၀ ပွဲအား ပြဋ္ဌာန်းတေးနှင့် စိတ်ကြိုက်တေးသီချင်းများဖြင့်လည်းကောင်း၊ ဒုတိယအဆင့်တွင် ပွဲစဉ်ခုနစ်ပွဲအား ပြဋ္ဌာန်းတေးနှင့် စိတ်ကြိုက် တေးသီချင်းများဖြင့် လည်းကောင်း ၊ တတိယအဆင့် Final ပွဲစဉ်တွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုများ ရွေးချယ်နိုင်ရန် ပြဋ္ဌာန်းတေးနှင့် စိတ်ကြိုက် တေးသီချင်းများဖြင့် လည်း ကောင်း သီဆိုယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ဖွင့်လှစ်လျက်ရှိသည့် Graphic Design သင်တန်းကို ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ငွေပေးအပ်ခြင်း၊ MRTV (ရန်ကုန်)ရှိ MRTV- HD၊ MRTV News နှင့် MITV Channel များမှ သတင်းတင်ဆက်သူများနှင့် အစီအစဉ် တင်ဆက်သူများအား တွေ့ဆုံမှာကြားပြီး ထောက်ပံ့ငွေ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

သတင်းစဉ်