ဘဝကို ကြည်လင်လာအောင် ပညာဖြင့် တိုက်ချွတ်ဆေးကြောပေးရသည်။ ဘဝကို တောက်ပြောင် လာအောင် ပညာဖြင့် ထွန်းလင်းပေးရသည်။ ဘဝကို မြင့်မားလာအောင် ပညာဖြင့် မြှင့်တင်ပေးရသည်။ အသိဉာဏ်ပညာ ဗဟုသုတ ကြွယ်ဝခြင်းသည် အရာရာကိုဖန်တီးနိုင်စွမ်းရှိသည့် စွမ်းအားသတ္တိများရှိသည်။ အသိဉာဏ်ပညာကို ကျောင်းပညာ၌သာမက အခြားသိမှတ်ဖွယ်ရာ ဗဟုသုတများကို လေ့လာမှတ်သားခြင်းဖြင့် ရရှိနိုင်သည်။
ပညာမှရရှိသောအကျိုးတရားများမှာ ကြီးမားလှသဖြင့် ပညာသင်ကြားရေးကို ပညာရေးဌာန၊ ဗဟုသုတတိုးပွားရေးကို စာပေထုတ်ဝေရေးဌာနများမှ ဆောင်ရွက်ပေးနေကြသည်။ အသိဉာဏ်ပညာ ဆင်ခြင်တုံတရား မြင့်မားသူသည် မိမိဘဝနှင့်ပတ်ဝန်းကျင်ကို မြင့်မားတိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်သဖြင့် ပညာဆည်းပူးခြင်း၊ စာပေဗဟုသုတများ လေ့လာလိုက်စားခြင်းတို့ကို ပြုလုပ်ကြရသည်။ စာပေဗဟုသုတတိုးပွားရေးကို ဆောင်ရွက်ရာ၌ စာပေပညာရှင်များနှင့်ထုတ်ဝေသူများက ကောင်းမွန်သောစေတနာဖြင့် ဖော်ဆောင်ပေးကြသည်။ နိုင်ငံတော်အနေဖြင့် စာပေဗိမာန်တည်းဟူသော အသိပညာဗဟုသုတဖြန့်ဝေရာဌာနကြီးမှ အကျိုးပြု စာပေများစွာကို ထုတ်ဝေပေးနိုင်ခဲ့သည်။
မွန်မြတ်သောစေတနာများဖြင့် စာပေအသိပညာဗဟုသုတများကို ကုံလုံကြွယ်ဝစွာ ဖြန့်ဖြူး ပေးနိုင်သည့်ကာလများတွင် ပြည်သူများ၏ အသိဉာဏ်ပညာ ရေချိန်မှာ မြင့်မားတိုးတက် လာခဲ့သည်။ အသိဉာဏ်ပညာရေချိန် မြင့်မားလာသည့် အခါတွင် ပြည်သူများ၏လူမှုဘဝနှင့် ပတ်ဝန်းကျင်သာမက တိုင်းပြည်ပါ အေးချမ်းသာယာဝပြောလာသည်။ အသိဉာဏ်ပညာရေချိန် နိမ့်ပါးလာသည့်အခါ ပြည်သူများ၏ လူမှုဘဝပတ်ဝန်းကျင်နှင့် တိုင်းပြည်အတွက်ပါ စိတ်မချမ်းမြေ့ဖွယ်ရာများ မကြာခဏကြုံတွေ့လာတတ်သည်။ တိုင်းပြည်အနိမ့်အမြင့်ကို ပြည်သူများ၏ အသိဉာဏ်ပညာရေချိန်မြင့်မားခြင်း၊ လျော့နည်းလာခြင်းအချက်များနှင့် နှိုင်းယှဉ် ချိန်ထိုး လေ့လာကြည့်နိုင်သည်။
မျက်မှောက်ကာလသည် တိုင်းပြည်ကို ဒီမိုကရေစီစနစ်ဖြင့် အကောင်အထည် ဖော်နေသော ကာလဖြစ်သည်။ ဒီမိုကရေစီနှင့်ပညာ အဆက်အစပ်ဖြစ်နေသည့် သတိပြုဖွယ်အချက်ကို “တိုင်းပြည် အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်ဟာ အခက်ခဲဆုံးဖြစ်တယ်။ ဒီမိုကရေစီအောင်မြင်ဖို့ ပြည်သူပြည်သားတွေက အသိဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရား လုံလောက်စွာရှိရမယ်၊ ပညာရေးသည် နိုင်ငံတော်၏ အခြေခံအစစ်ဖြစ်တယ်။ အသိဉာဏ်ကင်းမဲ့တဲ့ နိုင်ငံမှာ ဒီမိုကရေစီစနစ်ဟာ ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မယ်”ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ပြောကြားချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စာပေဗိမာန် (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနားသို့ Video Message မိန့်ခွန်းပေးပို့၍ အသိပေးခဲ့သည်။
မြန်မာနိုင်ငံသည် ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်” ကို လျှောက်လှမ်းနေသည်။ ဒီမိုကရေစီသည်ပညာကို အခြေခံသည့် ဒီမိုကရေစီဖြစ်သည်။ မြန်မာနိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာနှင့် ယဉ်ကျေးမှုကို ထိခိုက်မှုမရှိသော ပညာရေးစနစ်၊ လေ့လာဆည်းပူးမှုစနစ်ဖြစ်သည်။ ဒီမိုကရေစီအလေ့အကျင့် ကောင်းများကို ဖြစ်ပေါ်လာစေနိုင်သည့် ကောင်းမွန်သည့် ပညာရေးနှင့်လေ့လာဆည်းပူးမှုဖြစ်သည်။ လေ့လာဆည်းပူးရာ၌ ခေတ်အမြင်၊ ခေတ်အတွေးများဖြင့် အစဉ်အလာကောင်းသည့် ယဉ်ကျေးမှုကို မထိခိုက်စေသည့် ဆောင်ရွက်မှုများကို ဖန်တီးပေးရမည်ဖြစ်သည်။ အသိဉာဏ်ပညာဗဟုသုတများကို ဖြန့်ဝေရာ၌ တိုင်းပြည်၊ လူမျိုး၊ စာပေနှင့်ယဉ်ကျေးမှုတို့အပေါ် သန့်စင်မြင့်မြတ်သည့် စေတနာများ ထားရှိရန်လိုအပ်သည်။ မြန်မာတို့၏ အစဉ်အလာကြီးမားခဲ့သော ယဉ်ကျေးမှုကို မထိခိုက်စေသည့် အယူအဆ၊ ဝါဒမှိုင်းများကင်းစင်သည့် အသိပညာ ဗဟုသုတများ ဖန်တီးပေးဖို့လိုပါသည်။
တစ်ခေတ်တစ်ခါက သန့်စင်မွန်မြတ်သည့် အသိပညာဗဟုသုတများကို ဖြန့်ဝေပေးနိုင်ခဲ့ပြီး မျက်မှောက်ကာလ ခေတ်ရေစီးကြောင်း ပြောင်းလဲလာသည့် နည်းပညာခေတ်၌ စာပေပညာ လေ့လာလိုက်စားရေးတွင် အားနည်းလာပြီး နည်းပညာလေ့လာမှုနယ်ပယ်တွင် အားကောင်း လာသည်ကို တွေ့ရသည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း အထူးသဖြင့် ၂၀၁၅ ခုနှစ်လွန်ကာလများတွင် ထုတ်ဝေခဲ့သော စာအုပ်စာပေများကို လေ့လာကြည့်လျှင် ဒီမိုကရေစီစနစ်ထူထောင်စ မြန်မာနိုင်ငံ အတွက် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် စိတ်ဝမ်းကွဲပြားမှုများဖြစ်စေသော လူ့အသိုက်အဝန်းသို့ ဦးတည်သွားခဲ့သည်ကို တွေ့ရသည်။ အကျိုးဆက် အနေဖြင့် မျက်မှောက်ကာလ နိုင်ငံရေးအချိုးအကွေ့တွင် ပဋိပက္ခများနှင့် ရက်စက်ယုတ်မာမှုများကို ပြည်သူလူထုကြား၌ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ကောင်းမွန်မှန်ကန်သည့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားလာအောင်၊ တိုင်းပြု၊ ပြည်ပြုစိတ်များ တိုးပွားလာအောင် ဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်း အပ်ပါကြောင်း။