နေပြည်တော် ဩဂုတ် ၂၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၆ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္တအစ္ဆရိယ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကြကာ ဆရာတော်များထံမှ ဆုံးမဩဝါဒများ နာယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ရုရှားကာကွယ်ရေးဝန်ကြီးဌာနသို့ သွားရောက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Vasilyevich Fomin နှင့် တွေ့ဆုံ၍ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ အားပေးထောက်ခံမှုတို့ဖြင့် အနာဂတ်ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အပြန်အလှန်လဲလှယ်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်