နေပြည်တော်၊ ဩဂုတ် ၂၇
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul ၏ ဖိတ်ကြားချက်အရ ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bangrak Medical Center Building ၌ ကျင်းပသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားသို့ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Lim Jock Hoi နှင့် ဖိတ်ကြားထားသော အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိတယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul ကအဖွင့်အမှာစကား ပြောကြားပြီး ဂျပန်နိုင်ငံကျန်းမာရေး၊ အလုပ်သမားနှင့် ဖူလုံရေးဝန်ကြီး H.E. Mr. Katsunobu KATO က ပေးပို့သည့် အထိမ်းအမှတ် အဖွင့်အမှာစကား ဗီဒီယိုကို ပြသသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံး စတင်ဖြစ်ပေါ်လာပုံ အထိမ်းအမှတ် ဗီဒီယိုကိုပြသ၍ ဖွင့်ပွဲအခမ်းအနားကို ဒုတိယဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာကြသည့် အာဆီနိုင်ငံများက ကိုယ်စားလှယ်များက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တက် ရောက်လာကြသူများသည် ဖွင့်ပွဲအထိမ်း အမှတ်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုကြသည်။ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံး၊ ASEAN Center for Public Health Emergency and Emerging Diseases (ACPHEED) ကို ဂျပန်နိုင်ငံအထောက် အပံ့ဖြင့် ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ် ဆိုင်ရာ အခြေအနေများကို တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း၊ ကူးစက်မြန်ရောဂါဖြစ်ပွားမှုများ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အာဆီယံနိုင်ငံများ အချင်းချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ အာဆီယံနိုင်ငံများအတွင်း ပြည်သူ့ကျန်းမာရေး ဆိုင်ရာသတင်းအချက် အလက်များဖလှယ်နိုင်ခြင်း၊ သင်တန်းများဖွင့်လှစ်ပို့ချနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul နှင့် တွေ့ဆုံရာ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်က ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံး ပေါ်ပေါက်လာစေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အစဉ်တစိုက် ထောက်ခံအားပေး ကူညီမှုများအတွက် အမြဲအမှတ်တရကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ကိုဗစ်ရောဂါ ကာကွယ် ဆေးများအပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ ဆက်လက်၍ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးတို့သည် မြန်မာ-ထိုင်း နှစ်နိုင်ငံကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ ကိုဗစ်-၁၉ ရောဂါအပါအဝင် ကူးစက်ရောဂါများ ကာကွယ်တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်ရေးကိစ္စ၊ ထိုင်းနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တာဆီးထိန်းချုပ်ရေး လုပ်ငန်းများအတွက် မြန်မာနိုင်ငံသို့လှူဒါန်းမည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်