နေပြည်တော် ဩဂုတ် ၂၇
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသော ၂၀၂၂ ခုနှစ် တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိရာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံး၊ မန္တလေးမြို့ရှိ ကောင်စစ်ဝန်ရုံးတို့၏ ပံ့ပိုးကူညီမှုဖြင့် ဧည့်လမ်းညွှန်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် တရုတ်ဘာသာစကား သင်တန်းများအား အကြိမ်ပေါင်းများစွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအခါ ခရီးသွားဈေးကွက်တွင် အလားအလာကောင်းများရှိနေသည့် တရုတ်ဘာသာစကား သင်တန်းကို ပုဂံမြို့တွင် မကြာသေးမီရက်များကပင် ဖူးကျင့်နိုင်ငံတကာဘာသာ စကားသင်ကြားရေးဌာနနှင့် ပူးပေါင်းပြီး ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အတူ ရုရှားဘာသာစကား သင်တန်းကိုလည်း ရန်ကုန်၊ မန္တလေးနှင့် ပုဂံမြို့များတွင် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း။
ထို့ပြင် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် စီမံကိန်းများလည်း ဆောင်ရွက်လျက်ရှိရာ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ခရီးသွားလုပ်ငန်း သုတေသနစီမံကိန်းနှင့် မုန့်ဖုတ်အတတ်ပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း စီမံကိန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထူးချွန်ဆုရ ကျောင်းသား/ ကျောင်းသူများအနေဖြင့် နိုင်ငံတော်မှ အားထားရသော သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရန်နှင့် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် တတ်စွမ်းသမျှ ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယဉ်ကျေးမှုသံမှူးက ပညာရည်ချွန်ဆု ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ထူးချွန်ဆုရ ကျောင်းသားကျောင်းသူ (၁၀) ဦးကို ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယဉ်ကျေးမှုသံမှူး၊ ပညာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကို ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။ အဆိုပါ အခမ်းအနားတွင် ထူးချွန်ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၄၀)တို့ကို တစ်ဦးလျှင် ငွေကျပ်(၅)သိန်းနှုန်း ဖြင့် ငွေကျပ်သိန်း(၂၀၀)တန်ဖိုးရှိ ပညာရည်ချွန်ဆုများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပ ပြုလုပ်သော ၂၀၂၁- ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂- ၂၀၂၃ ခုနှစ် ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပညာသင်ထောက်ပံ့စရိတ်များကို ပေးအပ်ရာ ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်တို့က လက်ခံရယူကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူ (၃) ဦးကို ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများပေးအပ် ချီးမြှင့်သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသူများကိုယ်စား ထူးချွန်စွာ အောင်မြင်ခဲ့သူ (၁) ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။
ယနေ့ကျင်းပသော အခမ်းအနားတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၂၉၁)ဦးအတွက် ပညာသင်ထောက်ပံ့ စရိတ် ငွေကျပ် ၃,၆၆၄,၀၀ဝိ/- နှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်သူ (၇) ဦးအတွက် တစ်ဘာသာလျှင် ငွေကျပ်တစ်သိန်းနှုန်း၊ ရိုးရိုးအောင်မြင်သူ (၈) ဦးအတွက် တစ်ဦးလျှင် ငါးသောင်းကျပ် နှုန်းဖြင့် စုစုပေါင်း(၁၅) ဦးအတွက် ဂုဏ်ပြုဆုငွေကျပ် ၁,၃၀၀,၀၀ဝိ/- စုစုပေါင်းတန်ဖိုးငွေကျပ် ၄,၉၆၄,၀၀ဝိ/- ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်