နေပြည်တော် ဩဂုတ် ၂၇
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်-တောင်ညို-မြို့သစ်-ကန်ပြား(မကွေး)လမ်းအား လမ်းချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း၊ လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် တံတားများ ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အတူ မကွေးမြို့အဝင် မိုင်တိုင် (၃၃၂/၀ နှင့် ၃၃၂/၁)အတွင်း မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ မကွေးမြို့ဝင်မုခ်ဦး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ယခုမြို့ဝင်မုခ်ဦးသည် မကွေးမြို့၏ Land Mark ဖြစ်လာမည့်အတွက် လှပ၊ ခန့်ညား၊ သပ်ယပ်ခိုင်ခံ့အောင် တည်ဆောက်ရမည် ဖြစ်သည့်အပြင်၊ မုခ်ဦးနှင့်အတူ ဆက်စပ်လမ်းအပိုင်းကိုလည်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအတွက် အန္တရာယ်ကင်းစွာ သွားလာနိုင်အောင် စနစ်တကျ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ရှိ ပညာ့ရိပ်သာ အိမ်ရာစီမံကိန်းသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသက်နိုင်မိုးက စီမံကိန်းလုပ်ငန်းများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တည်ဆောက်ရေးလုပ်ငန်းများ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းအချိန်မီ ပြီးစီးရေး၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး၊ လက်ရာ သေသပ်ကောင်းမွန်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး စီမံကိန်း အဆောက်အဦများ၊ အခန်းဖွဲ့စည်းပုံနှင့် ဆက်လက် ဆောင်ရွက်နေသည့် အဆောက်အဦများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တည်ဆောက်နေသော ပညာ့ရိပ်သာအိမ်ရာ စီမံကိန်းတွင် အိပ်ခန်း(၁)ခန်းပါ အဆောက်အဦ(၁)လုံး၊ အိပ်ခန်း(၂)ခန်းပါ အဆောက်အဦ(၃)လုံး၊ အိပ်ခန်း(၃)ခန်းပါ အဆောက်အဦ(၁)လုံး စုစုပေါင်း အဆောက်အဦ(၅)လုံး၊ Community Center အဆောက်အဦ(၁)လုံးနှင့် GYM အဆောက်အဦ(၁)လုံးပါရှိပြီး တက္ကသိုလ်မှ ဆရာ/ဆရာမနှင့် ဝန်ထမ်း စုစုပေါင်း (၁၆၀) နေထိုင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်