Skip to main content

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၂၆

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း (JICA, Two Step Loan) စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စီမံကိန်း ဦးဆောင်ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုးသည် ကျပ်ဘီလီယံ ၂၀၀ခန့်ရှိကာ ဆိုင်းငံ့ကာလ ၁၀နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀၊ စုစုပေါင်း နှစ် ၄၀သက်တမ်းရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများ၏ လယ်ယာကုန်ထုတ် လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံးစက်ကိရိယာများနှင့် လယ်ယာစီးပွား အခြေခံစက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ရန် အတိုးနှုန်းသက်သာသည့် ချေးငွေများကို တောင်သူတစ်ဦးချင်းအား ငွေကျပ်သိန်း ၇၀၀ ထိ နှစ်တို သုံးနှစ်၊ နှစ်ရှည်ငါးနှစ် အရစ်ကျ ပြန်ဆပ်စနစ်များဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၁၈၇ ခုမှ တောင်သူ ၅၅၈၇ ဦးသို့ ချေးငွေကျပ် ၂၃၀ ဒသမ ၅၉၉ ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ချေးငွေရယူထားသည့် တောင်သူများမှ အချိန်စေ့အရစ်ကျ ပြန်ဆပ်သည့် ငွေကိုချေးငွေရယူလိုသည့် တောင်သူအသစ်များကို စဉ်ဆက်မပြတ် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ချေးငွေအစီစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကိုများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် စဉ်ဆက်မပြတ် Evaluation & Monitoring ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် အမြဲမပြတ်ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက JICA, Two Step Loan ချေးငွေထုတ်ချေးထားမှု အခြေအနေနှင့် စက်ကိရိယာများ တောင်သူများ လက်ဝယ်အရောက်ပေးအပ်မည့်ကိစ္စ၊ ဆက်လက်ထုတ်ချေးမည့် အခြေအနေကို တင်ပြဆွေးနွေးကြသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

သတင်းစဉ်