နေပြည်တော် ဩဂုတ် ၂၆
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကာကွယ်တားဆီးရေးကော်မတီ၏ ရုံးအဖွဲ့ကို ပြန်လည်ထူထောင်ရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လက်ရှိတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနက ရုံးအဖွဲ့ ဖွဲ့စည်းပုံ (မူကြမ်း) နှင့် လုပ်ငန်းတာဝန်မူကြမ်းတို့ကို ရေးဆွဲပြုစုထားပြီးဖြစ်ကြောင်း။
လုပ်ငန်းစီမံချက်ပါ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းအပိုင်းသည် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ အောင်မြင်မှုအတိုင်းအတာကို သိရှိနိုင်မည်ဖြစ်သကဲ့သို့ ရှေ့ဆက်ချမှတ် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်တို့အတွက်လည်း အားသာချက်၊ အားနည်းချက်နှင့် ကြုံတွေ့ရသည့် အခက်အခဲတို့ကို ဆန်းစစ်နိုင်ပြီး ပိုမိုကောင်းမွန်ပြည့်စုံသည့် အစီအစဉ်တို့ကို ဖော်ထုတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်