Skip to main content

စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် ဩဂုတ် ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် (၇၅) နှစ်ပြည့်စိန်ရတု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည် လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က Video Message ဖြင့် မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

Video Message ဖြင့် မိန့်ခွန်းပြောကြား

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ဖြင့် မိန့်ခွန်းပြောကြားသည်။

ထို့နောက် စာပေဗိမာန်၏ သမိုင်းမှတ်တမ်းပုံရိပ် Video မှတ်တမ်းကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၏စေတနာနှင့် စာပေပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှောက်ခြင်းအနေဖြင့် ပညာရှင်ကြီးများ၏ လူမှုဘဝပိုမိုဖူလုံစေရေးအတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန် စာမူဆုများကို တိုးမြင့်ချီးမြှင့်ခဲ့ပါကြောင်း၊ ထို့အပြင် စာပေပညာရှင်များကိုလည်း ထိုက်တန်သည့် ဘွဲ့ထူး၊ ဂုဏ်ထူးများ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး၊ ဆရာမကြီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း စီစဉ်ပေးလျက်ရှိပါကြောင်း။

ဂါရဝပြုကျေးဇူးတင်

အထူးသဖြင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာရပ်ဝန်းအသီးသီးရှိ အနုပညာဖန်တီးမှုလုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းလျက် အဆင့်မြင့်ခေတ်မီစွာ ဆောင်ရွက်နိုင်ရန်အတွက် အနုပညာဗဟိုဌာန အဆောက်အဦ(Art Centre)ကို တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုနည်းတူ စာရေးဆရာကြီးများ၊ စာပေပညာရှင်ကြီးများ စာပေရေးဖွဲ့ဖန်တီးမှုလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန်၊ စာပေလောကသားများ စုစည်းဆောင်ရွက်စေရန်၊ မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ထာဝရရှင်သန်စေရန်၊ စာပေချစ်မြတ်နိုးသူများ လေ့လာနိုင်ရန် စာဆိုဗိမာန်ကြီး တည်ဆောက်ရန်အတွက် စတင်စိုင်းပြင်းနေပြီဖြစ်ပါကြောင်း၊ မြန်မာစာပေနယ်ပယ် ဖွံ့ဖြိုးရေးနှင့် စာပေလောကသားများ စည်ပင်ဖူလုံရေးအတွက် အရေးထား ဆောင်ရွက်ပေးခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း ဂါရဝပြုကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါကြောင်း။

မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာပေဗိမာန်၏ စာအုပ်စာပေထုတ်ဝေရေးလုပ်ငန်းနှင့် မြန်မာစာပေ ဖွံ့ဖြိုးရေးလုပ်ငန်းများ သွက်လက်ရန်၊ စာကောင်းပေမွန်များ ထုတ်ဖော်နိုင်ရန်၊ ခေတ်စနစ်နှင့်ကိုက်ညီသည့် စာအုပ်စာပေများ ထုတ်ဝေနိုင်ရန်၊ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းမည့် စာပေများ၊ အထူးသဖြင့် လူငယ်များအတွက် နှလုံးရည်နှင့် ဉာဏ်စွမ်းရည်များ မှန်ကန်တည့်မတ်စွာ ဖွံ့ဖြိုးရန်အတွက် အထောက်အကူပြုနိုင်မည့်စာပေများကို ထုတ်ဝေနိုင်အောင် ကြီးမှူးလမ်းညွှန်မှု ပြုလျက်ရှိပါကြောင်း။

ကလောင်လက်နက်ဖြင့် ပါဝင်ကူညီ

မိမိတို့ ဦးတည်လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရေးတွင် စာပေအနုပညာရှင်များ အားလုံးစည်းရုံးလှုံ့ဆော်ပေးကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း၊ အထူးသဖြင့် စာပေနယ်ပယ်က စာပေလောကသားများသည် ခေတ်အဆက်ဆက်တွင် နိုင်ငံဖွံ့ဖြိုးရေးအတွက်ကလောင် လက်နက်ဖြင့် ပါဝင်ကူညီခဲ့ကြသလို ရှေ့ဆက်လက်ပြီး ပါဝင်ကူညီကြရန် ပန်ကြားလိုပါကြောင်း။

စာပေသည် စိတ်၏အစာ၊ ဦးနှောက်အတွက် အာဟာရ၊ စာပေသည် ဘဝ၏မီးရှူးတန်ဆောင်၊ စာအုပ်စာပေလူ့မိတ်ဆွေ စသည်ဖြင့် စာပေပညာရှင်ကြီးများက ဆိုမိန့်ခဲ့ပါကြောင်း၊ စာပေဗိမာန်သည် ယင်းစာပေအလင်းကို စာပေစေတနာ၊ စာပေသစ္စာ၊ စာပေသိက္ခာတို့ဖြင့် စိန်ရတုကာလမှသည် နှစ်ပေါင်း ရာထောင်ရှည်လျားသော စာပေခရီးကိုဆက်လက် သယ်ဆောင်ထွန်းညှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ယနေ့စာပေဗိမာန်သည် ရှေးကကဲ့သို့ အစဉ်အလာစည်းကမ်းများကို ထိန်းသိမ်းရင်း မြန်မာစာပေမြင့်မားရေးနှင့် ပြည်သူများ၏ စာပေမျက်စိအလင်း ဖွင့်ပေးရေးတို့ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ စာပေဗိမာန်သည် ပင်ရင်းစာပေဆုရှင် နိုင်ငံတော်အစိုးရ၏ ကိုယ်စားလှယ်ဖြစ်ပါကြောင်း၊ စာပေဗိမာန်သည် မြန်မာစာပေကို မြှင့်တင်ပေးသောအဖွဲ့ဖြစ်ပါကြောင်း၊ စာပေဗိမာန်သည် ပြည်သူကို စာပေအလင်းရောင် ထွန်းလင်းပေးသော မီးအိမ်ရှင်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့်အလှူရှင်များက စာပေရန်ပုံငွေအတွက် လှူဒါန်းသော ငွေကျပ်သိန်းပေါင်း ၂၁၄၀ ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ပေးအပ်လှူဒါန်းရာ ဆရာကြီး ဦးမောင်မောင်လတ် (နောင်) က လက်ခံရယူသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက စာပေရန်ပုံငွေအတွက် အလှူငွေကျပ် ၇၅ သိန်းကို ပေးအပ်လှူဒါန်းရာ ဆရာမကြီး ဒေါ်ချိုချိုတင် (မစန္ဒာ) က လက်ခံရယူသည်။

ဆက်လက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများအား လှူဒါန်းသည့်လက်ဆောင်ပစ္စည်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက ပေးအပ်ရာ ဆရာကြီး ဒေါက်တာမောင်သင်း(မောင်သင်း-သပြေ)က လက်ခံရယူသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို တို့က စာပေဗိမာန်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ (ကိုယ်စား) ဦးသိန်းလွင်(မြန်စာမြေသိန်းလွင်)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(ကိုယ်စား) ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံစာရေးဆရာအသင်း(ကိုယ်စား) ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်)၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့(ကိုယ်စား) ဦးစိန်လှိုင် (သူရဇော်)နှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့(ကိုယ်စား) ဦးမောင်မောင်ဦး (ဟိန်းလတ်)တို့အား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး စာပေဗိမာန်(၇၅)နှစ်ပြည့် စိန်ရတုအခမ်းအနားသို့ မကျန်းမာသည့်ကြားမှ တက်ရောက်လာသည့် အမျိုးသားစာပေတစ်သက်တာဆုရှင် စည်သူ ဒေါက်တာခင်မောင်ညွန့်အား နေရာအရောက် အမှတ်တရ လက်ဆောင်ပေးအပ်သည်။

ထို့နောက်ဆရာကြီး ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ) က ကျေးဇူးတင်စကား ပြောကြားသည်။

ပြည်သူလူထုကို အကျိုးပြု

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် စာပေဗိမာန် (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ စာပေဗိမာန်တိုက်ထုတ် စာအုပ်စာစောင်များ၊ မြန်မာ့စွယ်စုံကျမ်းကဏ္ဍ၊ မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ်၊ မြန်မာနိုင်ငံဘာသာပြန်အသင်းမှ ထုတ်ဝေသော စာအုပ်များ၊ သုတပဒေသာစာစောင်ကဏ္ဍ၊ စာပေဗိမာန်မဂ္ဂဇင်းကဏ္ဍ၊ ရွှေသွေးဂျာနယ်ကဏ္ဍ၊ ရွှေသွေးဂျာနယ် အထူးထုတ်ကဏ္ဍ၊ အမျိုးသားစာပေဆု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စာပေဗိမာန် (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

စာပေဗိမာန်သည် (၇၅)နှစ်တာ သက်တမ်းတစ်လျှောက် အမှောင်ခွင်း၍ အလင်းဆောင်အံ့ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထုပညာဗဟုသုတ တိုးပွားရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း စာပေသမိုင်းမှတ်တိုင်များစွာကို စိုက်ထူနိုင်ခဲ့သည်။ လူထုအလင်း၊ လူထုအိပ်ဆောင်၊ လူထုတက္ကသိုလ်စာစဉ်များ၊ ကျောင်းသုံးစာအုပ်ဘာသာပြန်များ၊ မြန်မာ့စွယ်စုံကျမ်းအုပ်တွဲများ၊ နှစ် ၅၀ စာစဉ်များ၊ စာပေ ဗိမာန်မဂ္ဂဇင်း၊ ပြည်သူလက်စွဲ စာစဉ်များ၊ လူထုသိပ္ပံကျမ်းကိုးတွဲ၊ မြန်မာစွယ်စုံ ကျမ်းနှစ်ချုပ်များ၊ ရွှေသွေးဂျာနယ်၊ သုတပဒေသာ စာစောင် စသည်ဖြင့် စာပေဗိမာန် သက်တမ်းတစ်လျှောက်တွင် ထုတ်ဝေဖြန့်ချိခဲ့သည့် တန်ဖိုးနည်းသလောက် ဝန်ပါလှသည့် စာအုပ်စာစောင်၊ ကျမ်းပေါင်းများစွာတို့ဖြင့် ပြည်သူလူထုကို အကျိုးပြုခဲ့ကြောင်း သိရသည်။        

သတင်းစဉ်