ယနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စာပေပညာရှင်ကြီးများ၊ ဝန်ထမ်းအငြိမ်းစားများနှင့် တက်ရောက်လာသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းပါစေကြောင်း ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ဌာနကြီးတစ်ခုဖြစ်တဲ့ စာပေဗိမာန်ကို တည်ထောင်ခဲ့တာ ယနေ့ဆိုရင် ၇၅ နှစ် ပြည့်မြောက်ခဲ့ပြီး စိန်ရတုခရီးသို့ တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စာပေဗိမာန်ကို အဦးအစ တည်ထောင်ဆောင်ရွက်ခဲ့ကြသူ ပညာရှင်ပုဂ္ဂိုလ်ကြီးများအားလုံးကိုလည်း အထူးဂုဏ်ပြု ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ စာပေဗိမာန်ကို အဦးအစ တည်ထောင်ခဲ့ကြသူများဟာ မြန်မာမှုထွန်းကားရေးနဲ့ မြန်မာတိုင်းရင်းသားတို့ အသိဉာဏ် ဗဟုသုတ ကြွယ်ဝလာနိုင်စေရေးကို ဦးတည်တဲ့ ကိုလိုနီခေတ်ရဲ့ အမျိုးသားလှုပ်ရှားမှုများ၊ အတွေးအမြင်များကို အခြေပြု စတင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ငယ်စဉ်က စာပေဗိမာန်က ထုတ်ဝေတဲ့ စာအုပ်စာစောင်တွေကို ဖတ်ရှုလေ့လာရင်းမှ အသိဉာဏ်ပညာကျယ်ပြန့်လာခဲ့ပြီး မိမိရဲ့သားစဉ်မြေးဆက်ကို အသိအမြင်ပွားများစေရန် ထိန်းကျောင်းပဲ့ပြင်နိုင်ခဲ့ပါတယ်။ စာပေဗိမာန်ဟာ ပြည်သူလူထုကို ပညာဉာဏ် အလင်းဖွင့်ပေးနိုင်ခဲ့ပြီး ပြည်သူများအားထားရာ စာပေတိုက်ကြီးဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
စာပေဗိမာန်ဟာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန လက်အောက်မှာ ပြည်သူအများ အကျိုးဖြစ်ထွန်းစေမယ့် စာအုပ်စာပေများ ထုတ်ဝေရေးနဲ့ မြန်မာစာပေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိပါတယ်။
စာပေဗိမာန်က ဆောင်ရွက်တဲ့ စာပေဆိုင်ရာလုပ်ငန်းတွေ အောင်မြင်ခဲ့တာဟာ ဉာဏ်ရည်ပြည့်ဝလျက် စေတနာရှေ့ထားကာ ကိုယ်ကျိုးမဖက်သော ပညာရှင်များစွာ ပါဝင်အားဖြည့်ကူညီခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ စာပေဗိမာန် စိန်ရတုခရီးမှာ ကျရာကဏ္ဍ အသီးသီးက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ စာပေအနုပညာရှင်ကြီးများရဲ့ ကျေးဇူးကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြောကြားလိုပါတယ်။ ထို့အတူပဲ စာပေဗိမာန် ကနဦး စတင်တည်ထောင်ခဲ့ကတည်းကစပြီး ယခုအချိန်အတွင်း စာပေဗိမာန်လုပ်ငန်းတွေကို ဦးစီးဦးဆောင်ကြီးမှူး ဆောင်ရွက်ခဲ့ကြတဲ့ ဝန်ထမ်းအကြီးအကဲများ၊ အရာထမ်း အမှုထမ်းများရဲ့ စေတနာလုံ့လ ပါဝင်ခဲ့တာကိုလည်း အသိအမှတ်ပြု ဂုဏ်ယူပါကြောင်းလည်း ပြောကြားလိုပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ တာဝန်ယူခဲ့တဲ့ တစ်နှစ်ခွဲကာလအတွင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ရှေ့လုပ်ငန်းစဉ် ၅ရပ်နဲ့ ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် နိုင်ငံကို ဘက်ပေါင်းစုံဖွံ့ ဖြိုးတိုးတက်အောင် ကြိုးစားလုပ်ဆောင်နိုင်ခဲ့တာကို အားလုံးသိရှိကြပြီး ဖြစ်ပါတယ်။ အထူးသဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ အနုပညာ နယ်ပယ်အသီးသီးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နှောင့်နှေးသွားရတဲ့ အနုပညာလုပ်ငန်းတွေ ပြန်လည်သွက်လက်နိုင်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် အနုပညာရှင်များကို တွေ့ဆုံအားပေးခဲ့ပြီး ရန်ပုံငွေကျပ် သိန်း ၄၀၀၀ ကို မတည်ငွေအဖြစ် ပေးအပ်ထောက်ပံ့ခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ စေတနာနဲ့ စာပေပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှောက်ခြင်းအနေနဲ့ ပညာရှင်ကြီးများရဲ့ လူမှုဘဝ ပိုမိုဖူလုံစေရေးအတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုများကိုလည်း တိုးမြင့်ချီးမြှင့်ပါတယ်။ ဒါ့အပြင် စာပေပညာရှင်များကိုလည်း ထိုက်တန်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဆရာမကြီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း စီစဉ်ပေးလျက်ရှိပါတယ်။
အထူးသဖြင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာရပ်ဝန်းအသီးသီးရှိ အနုပညာဖန်တီးမှု လုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းလျက် အဆင့်မြင့်ခေတ်မီစွာ ဆောင်ရွက်နိုင်ရန်အတွက် အနုပညာဗဟိုဌာနအဆောက်အဦ (Art Centre) ကို တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ထာဝရရှင်သန်စေရန်၊ စာပေ ချစ်မြတ်နိုးသူများ လေ့လာနိုင်ရန်အတွက်လည်း စာဆိုဗိမာန်ကြီး တစ်ခုကို တည်ဆောက်ဖို့အတွက် စတင်စိုင်းပြင်း ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာစာပေ နယ်ပယ်ဖွံ့ဖြိုးဖို့နဲ့ စာပေလောကသားများ စည်ပင်ဖူလုံရေးအတွက် အရေးထားဆောင်ရွက်ပေးခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း ဂါရဝပြု အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော်တို့ ဦးတည်လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးမှာ စာပေအနုပညာရှင်များအားလုံး စည်းရုံးလှုံ့ဆော်ပေးကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် စာပေနယ်ပယ်က စာပေလောကသားများဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံဖွံ့ဖြိုးရေးအတွက် ကလောင်လက်နက်နဲ့ ပါဝင်ကူညီခဲ့ကြသလို ရှေ့ဆက်လက်ပြီး ပါဝင်ကူညီကြဖို့လည်း ပန်ကြားလိုပါတယ်။
ယနေ့ ၇၅ နှစ် ပြည့်ပြီဖြစ်တဲ့ စာပေဗိမာန်ဟာ စတင်ဖွဲ့စည်းတည်ထောင်ကတည်းက “အမှောင်ခွင်း၍ အလင်းဆောင်အံ့” (Light, where Darkness was) ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြည်သူများရဲ့ ဉာဏ်ပညာအလင်းကို ထွန်းလင်းအောင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။
စာပေဟာ စိတ်ရဲ့အစာ၊ ဦးနှောက်အတွက်အာဟာရ၊ စာပေဟာ ဘဝရဲ့မီးရှူးတန်ဆောင်၊ စာအုပ်စာပေ လူ့မိတ်ဆွေ စသည်ဖြင့် စာပေပညာရှင်ကြီးများက ဆိုမိန့်ခဲ့ပါတယ်။ စာပေဗိမာန်ဟာ ယင်းစာပေအလင်းကို စာပေစေတနာ၊ စာပေသစ္စာ၊ စာပေသိက္ခာတို့ဖြင့် စိန်ရတုကာလမှသည် နှစ်ပေါင်း ရာထောင်ရှည်လျားသော စာပေခရီးကို ဆက်လက်သယ်ဆောင် ထွန်းညှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ယနေ့အခမ်းအနားကို ကြွရောက်အားပေး ချီးမြှင့်ကြတဲ့ ဧည့်သည်တော်ကြီးများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။