နေပြည်တော် ဩဂုတ် ၂၆
မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာ (MoU) အရ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် Hybrid ပုံစံဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အိန္ဒိယနိုင်ငံအစိုးရနှင့် သဘောတူညီမှု ရရှိထားသည့် ဒုတိယနှစ် စီမံကိန်းလုပ်ငန်းများကို အဆင့်(၄) ဆင့်ဖြင့် စောင့်ကြည့်စိစစ်နိုင်ရေး စီစဉ်ထားရှိပါကြောင်း၊ ထိုသို့ အဆင့်(၄)ဆင့်ဖြင့် ဒုတိယနှစ် စီမံကိန်းလုပ်ငန်း (၁၃)ခု၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများကို စိစစ်ရာတွင် အဆင့် (၄)အထိ ရှေ့ရောက်နေသည့် လုပ်ငန်း (၇)ခုသာလျှင်ရှိပြီး ကျန်(၆)ခုမှာ အားနည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို အစားထိုးဆောင်ရွက်နိုင်ရေး ညှိနှိုင်းသွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အိန္ဒိယနိုင်ငံသို့ စဉ်ဆက်မပြတ် အသိပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လစဉ်လဆန်း(၁၀)ရက် အရောက်ပေးပို့ရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်း MOU ပါစီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုများ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းပြီး အကောင်အထည်ဖော်သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ထောက်ပံ့ကူညီခြင်းဖြစ်သောကြောင့် အလှူရှင်နိုင်ငံ စိတ်ကျေနပ်မှုရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် စနစ်တကျ ဆောင်ရွက်ပြီးစီးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ဒုတိယနှစ်စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်နေစဉ် တတိယနှစ်စီမံကိန်းလုပ်ငန်းများကို ကြိုတင်စီမံထားရှိပြီး နှစ်စဉ်လာမည့် နှစ်များအတွက်လည်း ယခုကပင် ကြိုတင်စီမံထားရန် လိုအပ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ သဘောထားကို မေးမြန်းရာတွင်လည်း မူလသဘောတူညီထားသည့် လုပ်ငန်းများကို လိုအပ်ပါက လုပ်ငန်းပြောင်းလဲ ဆောင်ရွက်နိုင်ရေး ပြန်လည်ညှိနှိုင်းနိုင်သည်ဟု သိရှိရပါသဖြင့် မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စီမံကိန်းလုပ်ငန်းများ ကွင်းဆက်အကောင်အထည်ဖော်မှုဆိုင်ရာ စံပြုလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် စီမံကိန်းလုပ်ငန်းများအပေါ် စောင့်ကြည့်သုံးသပ်မှုဆိုင်ရာ အဆင့်(၄) ဆင့်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြကြောင်း သိရသည်။
(သတင်းစဉ်)