စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအခမ်းအနားသို့ တက်ရောက်လာသော ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တကွ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဧည့်ပရိသတ်များ၊ စာပေဗိမာန်ဝန်ထမ်းများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။
မုဒိတာစကား ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါကြောင်း ပဏာမ ပြောလိုပါတယ်။
စာပေဗိမာန်ရဲ့ (၇၅)နှစ်ပြည့် အထိမ်းအမှတ်ဖြစ်တဲ့အတွက် စာပေဗိမာန်အကြောင်းကတော့ အနည်းနဲ့အများ ထည့်ပြောရမှာ ဖြစ်ပါတယ်။ အကယ်၍ ရှေ့နောက်ထပ်သွားလျှင် သည်းခံနားထောင်ပေးကြဖို့ ပန်ကြားလိုပါတယ်။
ဒီနေ့ဟာ ၂၆-၈-၁၉၄၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ စာပေဗိမာန်ရဲ့ (၇၅) နှစ်မြောက် စိန်ရတုမင်္ဂလာနေ့ ဖြစ်ပါတယ်။ ၆-၆-၁၉၄၇ ရက်နေ့ ဆိုရန်တိုဗီလာ စီမံကိန်းရေးဆွဲရေး အစည်းအဝေးမှာ ပြည်သူများအတွက် အသုံးကျမည့် ပြည်ပနိုင်ငံထုတ်စာအုပ်များကို ဘာသာပြန်ဘို့နဲ့ ပုံနှိပ်ထုတ်ဝေဘို့ ဘာသာပြန် စာပေဌာနကြီးတစ်ခု ထူထောင်ရန် ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် ၂၆-၈-၁၉၄၇ ရက်နေ့မှာ “မြန်မာနိုင်ငံဘာသာပြန် စာပေအသင်းကြီး” စတင်ပေါ်ပေါက်လာခဲ့ပါတယ်။
အသင်းရဲ့ Logo ဟာ ဖွင့်ထားတဲ့စာအုပ်ပေါ်မှာ ကန့်လန့်ဖြတ် ကလောင်တစ်ချောင်းရဲ့ပုံ ဖြစ်ပါတယ်။ ဘယ်ဘက်စာမျက်နှာက အမည်းရောင်၊ ညာဘက် စာမျက်နှာက အဖြူရောင် ဖြစ်ပါတယ်။ ကလောင်ရဲ့ အသွား(နှစ်)က အဖြူရောင် စာမျက်နှာဘက်မှာ ရှိပါတယ်။ စာအုပ်ပေါ်မှာတော့ အလင်းရောင်ဖြာထွက်နေတဲ့ သင်္ကေတဖြစ်တဲ့ ရောင်စဉ်တန်းကိုယ်စားပြု အတုံးကလေးတွေ ရှိနေပါတယ်။ အသင်းရဲ့ motto က “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဖြစ်ပါတယ်။ စာမဖတ်သူကို စာဖတ်လာအောင်၊ စာဖတ်အားနည်းသူကို စာဖတ်အားများ သန်လာအောင် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူတို့ရဲ့ အသိဉာဏ်အလင်းရောင် (WISDOM) ထွန်းတောက်လာစေဘို့ဆိုတဲ့ ရည်မှန်းချက်ကို ဖော်ကျူးနိုင်တဲ့ logo နဲ့ motto ဖြစ်ပါတယ်။
ဘာသာပြန်စာပေအသင်း တစ်ဖြစ်လဲ စာပေဗိမာန်အဖွဲ့ကြီးဟာ logo နဲ့ motto အတိုင်း လုပ်ဆောင်နိုင်ခဲ့ပါသလား။ ကျွန်တော်အတွေးမျှင်တန်းခဲ့မိပါတယ်။
ရန်ကုန်တက္ကသိုလ်ဝန်းထဲက ဒေါက်တာလှဘူးအိမ်မှာ စတင်ရုံးစိုက်ခဲ့တဲ့ ဘာသာပြန်စာပေအသင်းရဲ့ ကနဦးလုပ်ငန်းတွေကို ကြည့်လိုက်လျှင် (က) လူထုအလင်း စာစဉ်လုပ်ငန်း (ခ)လူထုအိပ်ဆောင် စာစဉ်လုပ်ငန်း (ဂ)လူထု တက္ကသိုလ် စာစဉ်လုပ်ငန်း စတဲ့ ပြည်သူလူထုနဲ့ နီးစပ်သော စာစဉ်တွေထုတ်ဝေခဲ့ကြောင်း တွေ့ရှိရပါတယ်။
ဒေါက်တာလှဘူး နေအိမ်ကနေဆိုရန် တိုဗီလာအဆောက်အအုံ၊ အဲ့ဒီကနေ ယနေ့ ဒီနေရာအထိ အဆင့်ဆင့်ပြောင်းရွှေ့လာခဲ့တဲ့ စာပေဗိမာန်ဟာ စာစဉ်ထုတ်ဝေရာကနေပြီး ကျမ်းကြီးကျမ်းငယ်များအထိ ပုံနှိပ်ထုတ်ဝေလာခြင်း၊ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲများ ကျင်းပခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျောင်းသုံးစာအုပ်များကို ဘာသာပြန် ထုတ်ဝေခြင်း၊ ရည်ညွှန်းစာကြည့်တိုက် ကလေးစာကြည့်တိုက် စာပေဗိမာန်ပြည်သူ့ စာကြည့်တိုက်များ ဖွင့်လှစ်ခြင်း၊ ပြည်သူ့လက်စွဲစာစဉ်ထုတ်ဝေခြင်း၊ စာပေဗိမာန် စာအုပ်အသင်း ဖွဲ့စည်းခြင်း၊ စာပေဆုများ ချီးမြှင့်ခြင်း အစရှိတဲ့ စာပေဆိုင်ရာ လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ပြီး မြန်မာစာပေ မြှင့်တင်ရေး၊ ပြည်သူကို စာပေအလင်း ရောင်ထွန်း လင်းပေးရေး ရည်မှန်းချက်များမှ မျက်ခြည်ပြတ်မသွားကြောင်း တွေ့ရှိရပါတယ်။ ဒီလုပ်ငန်းတွေထဲက အချို့ကို မီးမောင်းထိုးပြပါရစေ။
“ပြည်သူ့လက်စွဲစာစဉ်" ဟာ စာတတ်စလူငယ်လူကြီးတို့နဲ့ သင့်လျော်တဲ့ စာအုပ်တွေကို ထုတ်ဝေဘို့နဲ့ အဲ့ဒီလူငယ်လူကြီးတွေ စာဖတ်ဝါသနာ ရင့်သန်လာစေခြင်းဖြင့် စာဖတ်ပရိသတ် နယ်ပယ်ကို ချဲ့ထွင်တိုးချဲ့ တို့ ရည်ရွယ်ပါတယ်။ ရည်ရွယ်ချက် ပြည့်မြောက်အောင်လည်း အဖတ်ရအလွယ်ဆုံး စာအုပ်ငယ်တွေကို အနည်းဆုံး ဈေးနှုန်းဖြင့် ဖြန့်ဝေပေးကြောင်း တွေ့ရပါတယ်။
“စာပေဗိမာန်စာအုပ်အသင်း” ကို ၁၉၆၀ ပြည့်နှစ်က ဖွဲ့ခဲ့ပါတယ်။ အသင်း စတင်စဉ်က (အခုခေတ်လူတွေကြားရင် ရယ်စရာဖြစ်ပါလိမ့်မယ်) ငွေ ၁ဝိ/- ထည့်ရုံနဲ့ နောက်ဆုံးထုတ် ၅ မူးတန် ပြည်သူ့လက်စွဲစာအုပ်နှစ်အုပ် “လေးလတစ်ကြိမ် /-တန် နောက်ဆုံးထုတ်တစ်အုပ်ကို အိမ်တိုင်ရာရောက် ပို့ပေးပါတယ်။ ဒါ့ကြောင့် ဆိုင်တွေပေါ် မတင်ခင် ဦးဦးဖျားဖျားဖတ်ရတဲ့ အကျိုးကို ခံစားရပါတယ်။
“စာပေဆုများချီးမြှင့်ခြင်း” ကိုတော့ အနည်းငယ် ကျယ်ပြန့်စွာပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ (က) စာပေဆုနဲ့ပတ်သက်ပြီး စာပေဗိမာန်နဲ့ ကျွန်တော်အကျွမ်းတဝင် ရှိလာရတာကြောင့် ဖြစ်ပါတယ်။ (ခ) နောက်တစ်ကြောင်းက ကဗျာဆုနဲ့ပတ်သက်ပြီး လူမသိတဲ့ အသိနည်းတဲ့ အကြောင်းအချက်တစ်ခုကို အသိပေးချင်လို့ ဖြစ်ပါတယ်။
ကျွန်တော် ဒုတိယအကြိမ် အမျိုးသားစာပေဆုရပြီး နောက်မှာ စာပေဆု ရွေးချယ်ရေးအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ စာပေဗိမာန်ကို မကြာခဏ ရောက်ခဲ့ရပါတယ်။ စာတည်းမှူးချုပ်နှင့်တကွ စာတည်းများ၊ ဝန်ထမ်းများနဲ့ သိရှိအကျွမ်းဝင်ခဲ့ပါတယ်။ ကဗျာပေါင်းချုပ်အဖွဲ့ငယ်၊ လူငယ်စာပေအဖွဲ့ငယ်၊ နိုင်ငံရေးစာပေအဖွဲ့ငယ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ၂၀၁၄/၂၀၁၅ ခုနှစ်များမှာတော့ အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီမှာ ဒုတိယဥက္ကဋ္ဌ၊ စာပေဗိမာန်စာမူဆု ရွေးချယ်ရေးကော်မတီမှာ ဥက္ကဋ္ဌတာဝန်များ တိုးမြှင့်ထမ်းဆောင်ခဲ့ရပါတယ်။ အဖွဲ့ကြီး ဥက္ကဋ္ဌဟာ ဆရာကြီးဒေါက်တာ စည်သူဦးသော်ကောင်းဖြစ်ပြီးတော့ ဒုတိယဥက္ကဋ္ဌများက ဆရာတက္ကသိုလ်တင်ခ၊ ဆရာလယ်တွင်းသား စည်သူစောချစ်၊ ဆရာမောင်ခင်မင်(ဓနုဖြူ)နဲ့ ကျွန်တော် ဖြစ်ပါတယ်။
ကျွန်တော်တို့ စာပေရွေးချယ်ရေး တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ ဝန်ကြီးဦးရဲထွဋ် က ခေတ်ပေါ်ကဗျာကို စဉ်းစားပေးဖို့ ပြောတယ်လို့ ကြားသိရပါတယ်။ ဒါ့ကြောင့် ကဗျာအဖွဲ့ငယ်မှာ ခေတ်ပေါ်ကဗျာဆရာ နှစ်ယောက်ဖြစ်တဲ့ ဆရာ မောင်စိမ်းနီနဲ့ ဆရာမောင်လင်းရိပ်တို့ကို ထည့်ပေးခဲ့ပါတယ်။
ဥက္ကဋ္ဌများရဲ့ သီးသန့်အစည်းအဝေးမှာ ဒီအချက်- ခေတ်ပေါ်ကဗျာကို ဆုပေးဖို့အချက်ကို သဘောတူခဲ့ကြပါတယ်။ ၂၃-၅-၂၀၁၆ ရက်နေ့ အဖွဲ့ကြီးအစည်းအဝေးမှာ ကျွန်တော်က "ဥက္ကဋ္ဌများ အစည်းအဝေးမှာ ခေတ်ပေါ်ကဗျာဆုပေးရန် ဆုံးဖြတ်ထားကြောင်း၊ ယခုနှစ် ၂၀၁၅ အတွက် အချိန်မမှီသောကြောင့် လာမည့်နှစ် (၂၀၁၆ စာအုပ်များမှ ရွေးချယ်ဆုပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း” ပြောခဲ့ပါတယ်။ အဖွဲ့ကြီးဥက္ကဋ္ဌ ဒေါက်တာစည်သူ ဦးသော်ကောင်းကလည်း ခေတ်ပေါ်ကဗျာဆုပေးရန် အစီအစဉ်ရှိပါကြောင်း၊ ခေတ်ပေါ်ကဗျာကို သီးသန့်ပေးရန် အထက်သို့ တင်ပြပေးမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ အစည်းအဝေးမှတ်တမ်း ဆုံးဖြတ်ချက်(၂)မှာ ၂၀၁၆ ခုနှစ်တွင် ခေတ်ပေါ်ကဗျာဆုပေးနိုင်ရေး ဝန်ကြီးရုံးသို့ တင်ပြရန်လို့ ပါရှိပြီး၊ ကျွန်တော်နဲ့ အတွင်းရေးမှူး (စာတည်းမှူးချုပ် ဦးအောင်သန်း) က ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ကျွန်တော်စီမံချက် ရေးခဲ့ပါတယ်။ အဓိက(၃)ချက်က (က) ကဗျာပေါင်းချုပ်ဆုကို ဂန္ထဝင်ကဗျာ တစ်ဆု၊ ခေတ်ပေါ်ကဗျာတစ်ဆု ပေါင်းနှစ်ဆုပေးရန်၊ (ခ) ခေတ်ပေါ် ကဗျာပညာရှင်များက ခေတ်ပေါ်ကဗျာ ဘာသာရပ်ဆိုင်ရာ ဖွင့်ဆိုချက်များနှင့် ရွေးချယ်ရေးမှုများကို ပြုစု၍ အတွင်းရေးမှူးထံ ပေးအပ်ရန်၊ (ဂ) ၂၀၁၆ မှ စတင်၍ အကောင်အထည်ဖော်ရန် ဖြစ်ပါတယ်။ ဒီစီမံချက်ကို ဥက္ကဋ္ဌနှင့် ကျန်ဒု-ဥက္ကဋ္ဌ သုံးယောက်က အတည်ပြုပေးပါတယ်။ စာတည်းမှူးချုပ် ဦးအောင်သန်းက ဝန်ကြီးရုံးကို ပေးပို့တင်ပြခဲ့ပါတယ်။
ဒါပေမယ့် အစိုးရပြောင်းလဲသွားပြီဖြစ်တဲ့ ၂၀၁၆ ခုနှစ် အဖွဲ့ကြီး အစည်းအဝေးက ဂန္ထဝင်ကဗျာနဲ့ ခေတ်ပေါ်ကဗျာ နှစ်မျိုးထဲက တစ်မျိုးကို ဆုပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အများအမြင်မှာ ၂၀၁၅ ခုနှစ် ဥက္ကဋ္ဌများက ဂန္တဝင်ကဗျာကို ဖက်တွယ်ထားပြီး ခေတ်ပေါ်ကဗျာကို ဆုမပေးချင်ကြဘူးလို့ မြင်ကြပါတယ်။
တစ်ကယ်တော့ ၂၀၁၅ ဥက္ကဋ္ဌများက ၂၀၁၆ မှာ ကဗျာဆု (၂)ဆုပေးဘို့ စီမံချက် တင်ပြီးသားပါ စီမံချက်ကို ဘေးဖယ်ပြီး တစ်ဆုထဲပေးတာက၊ ဂန္ထဝင်ကဗျာကို စင်ပေါ် တက်မလာစေချင်လို့ပဲလို့ ယူဆရမှာပါ။
ကျွန်တော်မီးမောင်း ထိုးပြချင်တာက အဲဒီအချက်ပါ။ ၂၀၁၅ အဖွဲ့ကြီး ဥက္ကဋ္ဌများက ကဗျာနှစ်ဆုပေးဘို့ စီမံချက်တင် ပေးခဲ့တယ်ဆိုတဲ့ အချက်ကို သိစေချင်တာပါ။”
ဘယ်လိုပဲဖြစ်ဖြစ် ဂန္တဝင်ကဗျာဟာ ၂၀၁၆ မှ ၂၀၂၀ အထိ နွံမှာနှစ်ခဲ့ရပါတယ်။ သို့သော် ပတ္တမြားမှန်လို့ ငါးနှစ်တာတစ်လျှောက်လုံး နွံအောက်မှာ အရောင်ဖျောက် ထွက်ပြီး အလင်းပေးနိုင်ခဲ့ပါတယ်၊ ၂၀၂၁ မှာတော့ စာပေဗိမာန်ရဲ့ ပဲ့ကိုင်ရှင်အသစ်များကြောင့် စင်ပေါ်ကိုပြန်ရောက်လာပါပြီ။ ပေဖြစ်တုန်းကခံပြီးပြီး၊ တူဖြစ်တုန်း ပြန်ထုလိုက်မဟဲ့ဆိုတဲ့ စိတ်ဆိုးစိတ်ယုတ်မရှိဘဲ ခေတ်ပေါ်ကို ဆက်လက်ရှင်သန်ခွင့်ပေးတဲ့ ပဲ့ကိုင်ရှင်များရဲ့ သဘောထားကြီးမှုကို အထူးလေးစားမိပါတယ်။
ယနေ့ စာပေဗိမာန်ဟာ ပဲ့ကိုင်ရှင်ကောင်းများရဲ့ လက်ဝယ်ပြန်လည် ရောက်ရှိလို့လာပါပြီ။ ရှေးကကဲ့သို့ အစဉ်အလာစည်းကမ်းများကို ထိန်းသိမ်းရင်း မြန်မာစာပေ မြင့်မားရေးနဲ့ ပြည်သူများရဲ့ စာပေမျက်စိအလင်း ဖွင့်ပေးရေးတို့ကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
စာပေဗိမာန်သည် ပင်ရင်းစာပေဆုရှင် နိုင်ငံတော်အစိုးရ၏ ကိုယ်စားလှယ်ဖြစ်ပါတယ်။
စာပေဗိမာန်သည် မြန်မာစာပေကို မြှင့်တင်ပေးသောအဖွဲ့ဖြစ်ပါတယ်။
စာပေဗိမာန်သည် ပြည်သူကို စာပေအလင်းရောင်ထွန်းလင်းပေးသော မီးအိမ်ရှင်ဖြစ်ပါတယ်။
စာပေဗိမာန်သည် Logo နဲ့ Motto ကို မျက်ခြည်ပြတ်မခံတဲ့ အသင်းကြီးဖြစ်ပါတယ်လို့ ညွှန်းဆိုရင်း ကျွန်တော်ရဲ့ မုဒိတာစကားကို နိဂုံးချုပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။