Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှ အဆက်)

Weekly Eleven ဂျာနယ်မှ သတင်းထောက် ဦးအောင်မင်းသိန်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် အစိုးရနှင့်ပုဂ္ဂလိကဘဏ်များတွင်အပ်ထားသည့် နိုင်ငံခြားငွေအကောင့်ထဲမှ ဒေါ်လာများကို တစ်ဒေါ်လာကို ၁၈၅၀ နှုန်းဖြင့် လဲလှယ်ရမည်ဟု ပြီးခဲ့သည့် ဧပြီ ၃ ရက်တွင် ဗဟိုဘဏ်က အမိန့်ကြေညာချက်အမှတ် ၄/၂၀၂၂ ဖြင့် ထုတ်ပြန်လိုက်ကြောင်း၊ ဧပြီ ၅ ရက်တွင် အရောင်းအဝယ်အကောင့် ထဲကဝင်လာသည့်ဒေါ်လာများကိုအလုပ်ရက် တစ်ရက်အတွင်းလဲ လှယ်ရမည်ဟုလည်း ထပ်မံထုတ်ပြန်ခဲ့ကြောင်း၊ ဩဂုတ် ၅ ရက်တွင် အမိန့်ကြေညာချက် အမှတ် ၃၆/၂၀၂၂ ဖြင့် တစ်ဒေါ်လာကို ကျပ်ငွေ ၂၁၀၀ နှုန်းဖြင့်လဲလှယ်ရမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်လိုက်ကြောင်း၊ ယင်းသို့ ဒေါ်လာအပေါ်ထုတ်ပြန်လိုက်သည့် သတ်မှတ်ထုတ်ပြန် ချက်များနောက်ပိုင်းတွင် ဒေါ်လာဈေးကွက် ကမောက်ကမဖြစ်ပြီး စီးပွားရေးကဏ္ဍတွင် အနည်း ငယ်ဂယက်ရိုက်ခဲ့ကြောင်း၊ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းဖြင့် ဗဟိုဘဏ်က သတ်မှတ်သည့်အချိန်တွင် ပြင်ပတွင် တစ်ဒေါ်လာကို ၂၄၀၀ ကျပ်၊ ၂၅၀၀ ကျပ်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ ယခုနောက်ဆုံး ထုတ်ပြန်ခဲ့သည့် တစ်ဒေါ်လာကို၂၁၀၀ကျပ် နှုန်းထားအခြေအနေတွင် ပြင်ပ၌ ၂၉၀၀ ကျပ်၊ ၃၀၀၀ ကျပ်ဈေးနှုန်းများအထိ မြင့်တက်သွားကြောင်း၊ ယင်းဒေါ်လာများကို ကုမ္ပဏီအကောင့်များနှင့် တစ်ဦးချင်း Personal အကောင့်မှ ဒေါ်လာများကို ဗဟိုဘဏ်ကသတ်မှတ်သည့်ဈေးဖြင့် လဲလှယ်ရမည်ဟု ကြေညာသည့်အခါတွင် အကောင့်ပိုင်ရှင်အများစုသည် ပမာဏအတော်များများကို လဲလှယ်လိုက်ရသည့်အနေအထား ဖြစ်သွားကြောင်း။

ဗဟိုဘဏ်မှ ကင်းလွတ်ခွင့်ပေးထားသည့် လုပ်ငန်းတချို့၌ မိမိတို့တွေ့ရသည့်လုပ်ငန်း ခြောက်ခုခန့်ရှိကြောင်း၊ ယင်းလုပ်ငန်းအပေါ်ဝင်လာသည့် ဒေါ်လာပမာဏက အနည်းငယ်သာရှိ သည်ဟုသိရကြောင်း၊ စက်ရုံများ၊ ကုမ္ပဏီများ လည်ပတ်ရန်အတွက် Import လုပ်ရသည့်အခါတွင် OTD ကတစ်ဆင့် ဗဟိုဘဏ်ကသတ်မှတ်ထားသည့် သတ်မှတ်နှုန်းထားဖြင့် တစ်ဒေါ်လာကို ၈၀၀ ကျပ်၊ ၉၀၀ ကျပ်၊ ၁၀၀၀ ကျပ် ယင်းကဲ့သို့ ကွာဟချက်များဖြင့် ဝယ်ပြီး လုပ်ရသလိုများဖြစ်လာကြောင်း၊ ထို့ပြင် ကုန်ကြမ်း Import လုပ်ရန်အတွက် ဒေါ်လာ ဝယ်ယူရန်အတွက်ကလည်း ပြင်ပတွင် မဖြစ်နိုင်လောက်သည့် အနေအထားအထိကို ဖြစ်လာကြောင်း၊ ဒေါ်လာအကောင့်များကနေပြီး ဗဟိုဘဏ် က သတ်မှတ်ထားသည့်နှုန်းထားဖြင့် ငွေလဲလှယ် ခံလိုက်ရသကဲ့သို့ ယင်းငွေများမှတစ်ဆင့် ပြည်တွင်း တွင် နိုင်ငံခြားငွေများ၊ အိမ်ခြံမြေများ၊ကားများ ယင်းတို့ကို ဝယ်သည့်အနေအထားဖြစ်လာကြောင်း၊ ဈေးကစားသည့် သူများကြောင့်လည်း ပုံမှန်မဟုတ်ဘဲ နှုန်းထားများထိုးတက်လာသည့် အနေအထားအထိဖြစ်လာကြောင်း၊ ဈေးကွက်ကလည်း ကမောက်ကမဖြစ်ပြီး တိုင်းပြည်စီးပွားရေးသည် ယင်းအခြေအနေအတွင်းတွင် ထိခိုက်ရသည့် အနေအထားဖြစ်လာကြောင်း။

သာမန်ပြည်သူများအနေဖြင့်လည်း ငွေကြေးဖောင်းပွမှုဒဏ်၊ ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်များကို ခံစားလိုက်ရကြောင်း၊ ယင်းသည် ဗဟိုဘဏ်၏ နိုင်ငံခြားငွေနှင့်ပတ်သက်၍ ပေါ်လစီအပြောင်းအလဲနှင့် ပတ်သက်ပြီးထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်သုံးခုကြောင့် ဖြစ်လာသည့် နောက်ဆက်တွဲအနေအထားများဟု ပြောရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စ နှင့်ပတ်သက်၍ သိလိုသည်မှာ တစ်ဒေါ်လာကို ဗဟို ဘဏ်ကသတ်မှတ်သည့် ၁၈၅၀ ကျပ် နှုန်းထားဖြင့် အကောင့်မည်မျှက ဒေါ်လာပမာဏမည်မျှထိ လဲလှယ်ပြီးစီးခဲ့ကြောင်း၊ ထိုမှရရှိလာသည့် ဒေါ်လာများကို လိုအပ်သူများ၊ အပြင်တွင် အမှန်တကယ် အလုပ်လုပ်နေသူများရရှိအောင် မည်သို့ဆောင်ရွက်ပေးမည်ကိုသိလိုကြောင်း၊ အစိုးရအနေဖြင့်ဈေးသတ်မှတ်ပြီး လဲလှယ်သိမ်းဆည်းခဲ့သည့် ဒေါ်လာများကို အမှန်တကယ်လိုအပ်၍ လာဝယ်မည်ဆိုပါက မည်သို့ဆောင်ရွက်ရမည်ဆိုသည့် ညွှန်ကြားချက်များ သတ်မှတ်ထုတ်ပြန်ပေးရန်ရှိ၊မရှိသိလိုကြောင်း၊ ထို့အပြင် လက်ရှိနောက်ဆုံးထုတ်ပြန်ခဲ့ သည့် တစ်ဒေါ်လာကို ၂၁၀၀ နှုန်းထားကို ပြင်ပမှာဆိုလျှင် ယင်းနှုန်းထားထက်ပမာဏမြင့်မားပြီး ဈေးကစားနေသည်များရှိကြောင်း၊ ပေါက်ဈေးရှိသည့်အတွက် ပြင်ပဈေးကွက်တွင် ဗဟိုဘဏ်မှသတ်မှတ်ထားသည့်နှုန်းထားနှင့် များစွာကွာဟချက်မဖြစ်အောင် ငွေလဲနှုန်းကို လည်း တည်ငြိမ်မှုရှိအောင် အစိုးရအနေဖြင့် မည်သို့စီစဉ်ဆောင်ရွက်သွားမည်ကိုသိလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့်လည်း လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများမှ ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများကို မည်သို့ဖြေလျှော့မှုများ လုပ်ပေးရန်ရှိကြောင်း၊ နောက်ဆုံး ဗဟိုဘဏ်နှင့်ပူးပေါင်းပြီး မည်သည့်နည်းလမ်းများဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအတွက် အဆင်ပြေအောင်မည်သို့ဖြေရှင်းဆောင်ရွက်သွားမည်ကို သိလို ကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းထောက်ကြီး သည် Weekly Eleven လား Audit ဂျာနယ်လား တော့မသိကြောင်း၊ မေးသည့်မေးခွန်းများက Audit ဂျာနယ်ဆန်ဆန်ဖြစ်ကြောင်း၊ မေးခွန်းများကလည်း ကောင်းပါကြောင်း၊ မိမိအနေဖြင့်ကိန်းဂဏန်းများ ကိုတော့ မပြောနိုင်ကြောင်း၊ ကိန်းဂဏန်းများနှင့်ပတ်သက်၍ ဖြေနိုင်သမျှကို ဗဟိုဘဏ်ကိုဖြေခိုင်းပေးမည်ဖြစ်ကြောင်း၊ မိမိပြောနိုင်သည်မှာ မူဝါဒပိုင်းဆိုင်ရာကိုသာ ပြောမည်ဖြစ်ကြောင်း၊ နံပါတ် ၁ ယင်းမူဝါဒများချမှတ်ရသည့် အကြောင်းရင်းမှာ မချမှတ်၍မဖြစ်သောကြောင့် ချမှတ်ရခြင်းဖြစ် ကြောင်း၊ တချို့သည်လည်းနာကျင်ရကြောင်း၊ နာကျင်အောင်လည်းလုပ်ရကြောင်း၊ ယင်းသည် ပေါ်လစီဖြစ်ကြောင်း၊ နံပါတ် ၂ ပြောလိုသည်မှာ မိမိတို့အနေဖြင့် လုပ်ဆောင်ရသည့် အကြောင်းအရာသည် ဗဟိုဘဏ်က အတိုးနှုန်း၊ ၁၈၅၀အမျိုးမျိုး ဖြစ်သည့်အတွက် ထိုသုံးခု၏ နောက်ပိုင်းမှာဖြစ်လာကြောင်း၊ ထိုသုံးခု၏ ရှေ့ပိုင်းတွင်လည်း ဖြစ်ခဲ့ကြောင်း၊ မည်သည့်အတွက် ကြောင့် ဖြစ်ခဲ့သည်ဆိုသည့်အကြောင်းရင်းများရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်းက အကြောင်းရင်းများရှိကြောင်း၊ မြန်မာနိုင်ငံ၏ပြင်ပက အကြောင်းရင်းများလည်းရှိပါကြောင်း၊ မိမိတို့အစိုးရနှင့်ဗဟိုဘဏ်သည် “ခြောက်ပြစ်ကင်း သဲလဲစင်” ဟု မိမိတို့မပြောပါကြောင်း၊ မည်သူမှလည်း “ခြောက်ပြစ်ကင်း သဲလဲစင်” မရှိပါကြောင်း၊ ချို့ယွင်းချက်များရှိပါကြောင်း၊ ချို့ယွင်းချက်များပြင်နိုင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပနှင့် ပြည်တွင်း၏ကိစ္စများ လည်းရှိပါကြောင်း။

အဓိက အစဉ်အဆက်လုပ်ခဲ့သည်များကို မည်သည်ကိုထိသလဲဆိုလျှင် ယခင်ကတည်းက အတိုင်း ပြည်တွင်း၏ ထုတ်ကုန်များကို အားမပေးဘဲ ပြည်ပမှတင်သွင်းကုန်များ Import ကုန်များကို အားပေးခဲ့ခြင်းကြောင့် မိမိတို့၏ နိုင်ငံခြားငွေလိုအပ်ချက်များလည်း ကြီးမားလာကြောင်း၊ ကုန်သွယ်ရေးတွင် လိုငွေများကြီးမားလာပြီး အကြွေးများထပ်မံ တင်လာသည့်ကိစ္စများဖြစ်လာကြောင်း၊ မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် ယင်းကိစ္စကို အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် ကမ္ဘာတွင်ဖြစ်နေသည့် ပဋိပက္ခများ ကြောင့် ရေနံဈေး၊ ဓာတ်မြေဩဇာဈေး၊ စားသောက်ကုန်ဈေးများကြီးပြီး ငွေကြေးဖောင်းပွမှု မြင့်မားနေသည်များရှိကြောင်း၊ တစ်ဖက်က (FRB) Fedral Reserve Bank က အတိုးနှုန်း မြှင့်တင်လိုက်သည် များရှိကြောင်း၊ဗဟိုဘဏ်အနေဖြင့်စီးပွားရေး တိုးတက်မှုနှုန်း အထောက်အကူဖြစ်မည့် ငွေကြေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီးထိန်းညှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိန်းညှိ ဆောင်ရွက်သည့်အချိန်တွင် တချို့နေရာနှင့် တချို့ Sector တွင် ထိခိုက်မှုများရှိမည်ဖြစ်ကြောင်း၊ သို့သော် ယခုအချိန်တွင် ဖြေလျှော့၍မရကြောင်း၊ အချိန်အတိုင်းအတာတစ်ခုရောက်လျှင် ပေါ်လစီအရ ဖြေလျှော့၍ရလျှင်လျှော့ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

One News Channal မှထုတ်လုပ်သူ ဦးသွင်ထူးအောင်က ယခုရက်ပိုင်းအတွင်း ပြည်တွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်း ဆက်တိုက်မြင့်တက်နေသကဲ့သို့ ရွှေ၊ စားအုန်းဆီ၊ စက်သုံးဆီနှင့် ကုန်ဈေးနှုန်းများလည်း ဆက်တိုက်မြင့်တက်နေကြောင်း၊ ယင်းသို့ မြင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားများ၊ ဝန်ထမ်းများအတွက် အတော်ကိုအခက်အခဲဖြစ်နေကြောင်း၊ ထိုသို့ တစ်ကမ္ဘာလုံး အတိုင်းအတာအနေ ဖြင့်ကြည့်လျှင် ငွေကြေးဖောင်းပွမှုများကို ရင်ဆိုင် နေရကြောင်း၊ ယင်းနိုင်ငံအသီးသီးတွင် ငွေကြေးဖောင်းပွမှုများကို ထိန်းချုပ်နိုင်ရန်၊ လျှော့ချနိုင်ရန် ရုန်းကန်ကြိုးပမ်းနေသည်ကိုတွေ့ရကြောင်း၊ မြန်မာကျပ်ငွေဖောင်းပွမှုနှုန်း ပြန်လျော့သွားအောင် မည်ကဲ့သို့ဆက်လုပ်မည့်အစီစဉ်ရှိ၊ မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာကျပ်ငွေ ဖောင်းပွမှုနှုန်းကို လျော့ကျသွားအောင်လုပ်နိုင်သည့်နည်းက မိမိတို့၏ထုတ်ကုန်များတိုးမြှင့် ထုတ်လုပ်ရန်နှင့်ဈေးကွက်ရှာရန် နည်းလမ်း ရှိကြောင်း၊ ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်ရန်နှင့် ဈေးကွက်ရှာရန်နည်းလမ်းတွင် မိမိတို့လုပ်ဆောင်နေခြင်းသည် နှစ်မျိုးရှိကြောင်း၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်အတွက် ပြည်တွင်းမှ လုပ်ဆောင်ရသည်များကိုအစိုးရနှင့်ပြည်သူများပါ လုပ်ဆောင်နိုင်ကြောင်း၊ သို့သော် ရောင်းချရန်အတွက် တချို့သောအခက်အခဲများရှိကြောင်း၊

တ်ဆို့မှုများရှိကြောင်း၊    ဈေးကွက်ချဲ့ထွင်ရန်အတွက် ရုရှားနှင့်ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ တစ်ဖက်တွင်    တရုတ်နှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် မိမိတို့ဆောင်ရွက်လျက်ရှိကြောင်း      ပြန်လည် ဖြေကြားသည်။

Myanmar Public Press မှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင် က   တောင်သူလယ်သမားများ စိုက်ပျိုးထားသည့်   ကောက်ပဲသီးနှံများထွက် ပေါ်သည့်အချိန်တွင် ပြည်ထောင်စုအစိုးရအနေဖြင့်  သင့်တင့်သည့်‌ ဈေးနှုန်းသတ်မှတ်၍ ဝယ်ယူရန် ရှိ/ မရှိ၊ နွေစပါးစိုက်ပျိုးသည့်   တောင်သူလယ်သမားများတွင် စက်သုံးဆီများလိုအပ်သောကြောင့် အစိုးရအနေဖြင့် ထောက်ပံ့ပေးမှု ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက နွေစပါးနှင့် ပဲတီစိမ်းကို အထူးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ပြောပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်များ၊ လယ်/ဆည်ဝန်ကြီးဌာနတွင်လည်း နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးရန်အတွက် အရင်းမပျောက် မတည်ငွေများ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လယ်/ဆည်ဝန်ကြီး ဌာနလက်အောက်ခံဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စီးပွားရေး အရှိန် မြှင့်တင်ရန်အတွက် နွေစပါးနှင့် ပဲတီစိမ်းကို အဓိက ထား  ဆောင်ရွက်သည့်အတွက်ကြောင့် ယင်းလုပ်ငန်းများနှင့် ပတ်သက်သည့်    သွင်းအားစုများ၊ လုပ်ဆောင်ရမည့်အချက်များအား တောင်သူများကို အကူအညီပေးခြင်းအားဖြင့် အလျင်အမြန် အောင်မြင်မှုရရှိရန် လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍  Myanmar   Public   Press  မှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင်က ကြွေးမြီများတင်ရှိ နေသည့် တောင်သူများအနေဖြင့်    တရားစွဲဆိုခံရ ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း ၎င်းတို့အား အစိုးရအနေဖြင့် ဖြေလျှော့ရန် ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း  က   ကိုဗစ်ကာလ၌ ချေးထားသောချေးငွေများ၊   စိုက်ပျိုးစရိတ်များ အတွက်အခက်အခဲရှိသည့်ကိစ္စရပ်များကို ဖြေလျှော့ ပေးထားပြီးဖြစ်ကြောင်း၊ အချို့တောင်သူများသည် ယခင်ကတည်းက ထွက်ပြေးတိမ်းရှောင်သူများဖြစ်ကြောင်း၊ ထို့ကြောင့် အခြေအနေအပေါ်မူတည် ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း   ပြန်လည် ဖြေကြားသည်။

နေပြည်တော် အွန်လိုင်းအေဂျင်စီမှ အယ်ဒီတာ ချုပ် ဦးမင်းမောင် က ရေနံနှင့် ရေနံထွက်ပစ္စည်း လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များ ရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချနေခြင်းကို နယ်မြေသတင်းအချက်အလက်များအရ သိရှိရပါကြောင်း၊  ယင်းကိစ္စအား   မည်သို့စိစစ် အရေးယူဆောင်ရွက်ထားသည်ကို  သိလိုကြောင်း၊ ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရန် ကော်မတီများအနေဖြင့်လည်း ယခုဆီဈေးအပေါ်မှာ မည်သို့စီစဉ်ဆောင်ရွက်ထားကြောင်း၊   ကုန်စည်စီးဆင်းမှုများကိုလည်း မည်သို့ဆောင်ရွက်ထားကြောင်း၊ စက်သုံးဆီတင်သွင်းရေးနှင့် သိုလှောင်ဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီအနေ ဖြင့်လည်း  ပြည်သူများစက်သုံးဆီကို ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး ဖြည့်တင်းကြပ်မတ်ဆောင်ရွက်မှုများ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကိုသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆီဝယ်ယူမှုနှင့်ပတ်သက်ပြီး ၂၀၂၂ ခုနှစ်  ဩဂုတ် ၁၅ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်ကို  တွေ့ရှိရကြောင်း၊ မသမာမှုများတွေ့ရှိပါက ကြေညာချက်ပါအတိုင်း ထိုနေရာများသို့ တိုင်ကြားနိုင်ကြောင်း၊ စက်သုံးဆီ နှင့်ပတ်သက်လျှင် ရုရှားမှတင်သွင်းခွင့်ရပြီး ဖြစ်ကြောင်း၊ ထို့ပြင် တင်သွင်းခွင့်ရသည်များကို မှန်မှန် ကန်ကန်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်များသို့ရောက်အောင် ပို့ဆောင်ရာတွင် နယ်စျေးနှုန်းနှင့် ရန်ကုန်စျေးနှုန်း တူစရာအကြောင်းမရှိပါကြောင်း၊ စက်သုံးဆီသည် ဆိပ်ကမ်းရှိရာ  ရန်ကုန်သို့သာရောက်ရှိကြောင်း၊ နယ်များတွင်မူ  ရန်ကုန်စျေးနှုန်းထက် သယ်ယူပို့ဆောင်စရိတ်အနည်းငယ်ပို၍ ကြီးမြင့်နေမည် ဖြစ်ကြောင်း၊  တချို့သော    ဆိုင်ငယ်လေးများ၊ ဆိုင်များသည် တက်စျေးကိုမျှော်၍   လုပ်ဆောင် နေသည်များလည်းရှိကြောင်း၊ တချို့မှာလည်း တက်စျေးကို မျှော်ခြင်းမဟုတ်ဘဲ ရိုးရိုးသားသား ဖြစ်ခြင်းဖြစ်ကြောင်း၊ မီဒီယာများကိုလည်း  မိမိပြောပြီးဖြစ်ကြောင်း၊ မန္တလေး၌ ကောလာဟလများ ကြောင့် ဆီဆိုင်များတွင် စုပြုံ၍ဝယ်လိုက်ကြကြောင်း၊ အရန်ဆီထဲက မဖြည့်နိုင်ခင် ပြတ်လပ်သွားသည့် အချိန်ပိုင်းအတွင်း ပိုပြီးဆိုးလာသည့် လုပ်ငန်းမျိုးလည်းရှိကြောင်း၊  စက်သုံးဆီ အလွယ်တကူရခြင်း၊ စက်သုံးဆီလိုသလောက်ရခြင်း၊ စျေးနှုန်းချိုသာခြင်းရှိသည်ဆိုလျှင် ကုန်စည်စီးဆင်း မှု မှန်ကန်မြန်ဆန်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့အနေဖြင့် လုံခြုံရေးအရလိုအပ်သည်များကို ဖြည့်ဆည်းနိုင်မည်ဆိုလျှင် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်လာမည်ဖြစ်ပြီး ယင်းကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော်အွန်လိုင်း သတင်းအေဂျင်စီမှ လက်ထောက်အယ်ဒီတာ ဦးဝင်းနိုင်က လတ်တလောလောင်စာဆီစျေးနှုန်းများ  မြင့်တက်သည့်အပေါ် ကုန်စျေးနှုန်းများကလည်း အဆမတန် မြင့်တက်နေ သည့်အတွက် ‌လောင်စာဆီစျေးနှုန်းကို အတည်ငြိမ် ဆုံးနှင့် အသက်သာဆုံးဖြစ်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မှုရှိသည်ကိုသိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း က  မြန်မာနိုင်ငံသည် ‌‌ရေနံထွက်သည့်နိုင်ငံဖြစ်သည်ဆိုလျှင် စျေးနှုန်းသတ်မှတ်ပြီးရောင်းချကာ တည်ငြိမ်အောင် ‌ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရေနံဖူလုံစွာ မထွက်ရှိသည့် နိုင်ငံဖြစ်သည့်အတွက် အခြားနိုင်ငံများမှ ဝယ်ယူတင်သွင်းရကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံများမှ တင်သွင်းနိုင်သည့်စျေးနှုန်း၊ ရောင်းချနိုင်သည့် စျေးနှုန်းအတိုင်း မိမိတို့ဝယ်ယူရခြင်းဖြစ်ကြောင်း၊  ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်လျှင် မြန်မာ့ရေနံစျေးနှုန်းလည်း မြင့်တက် လာမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လုပ်‌‌ဆောင်ပေးနိုင်သည့် အချက်နှစ်ချက်သာရှိကြောင်း၊ နံပါတ် တစ်အချက်အနေဖြင့် စက်သုံးဆီနှင့်ပတ်သက်လာလျှင် အခွန်အခလျှော့ပေါ့ကောက်ခံရန်ဖြစ်ပြီး မိမိတို့အနေဖြင့် အခွန်အခကို အစွမ်းကုန်လျှော့ချ၍ ကောက်ခံကြောင်း၊ နံပါတ်နှစ်အနေဖြင့် စက်သုံးဆီနှင့်ပတ်သက်လာလျှင် လိုအပ်သည့်‌နိုင်ငံခြားငွေကို ရောင်းချပေးရန်ဖြစ်ပြီး ယင်းကိုလည်း မိမိတို့ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခြားငွေဆိုသည်မှာလည်း အလွယ်ရောင်း၍ မရကြောင်း၊ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဆိုလျှင် စက်သုံးဆီနှင့်ပတ်သက်ပြီး ပြဿနာဖြစ်မည်စိုးသဖြင့် အစိုးရအနေဖြင့် ၎င်း၏အရန်ငွေထဲမှ ‌  အရောင်းအဝယ် လုပ်ပေးရာ အရန်ငွေသည် တောင့်ခံနိုင်သည့်အနေအထား  မရှိတော့သည့်အခြေအနေအထိ ဖြစ်ရ ကြောင်း၊ ထိုအခါ စက်သုံးဆီစျေးနှုန်းကို လွှတ်ပေးလိုက်သည့်အတွက် စက်သုံးဆီစျေးနှုန်းသည် ၅၄ ရာခိုင်နှုန်းအထိ တက်သွားကြောင်း၊ ထို့ကြောင့် ဆူပူဆန္ဒပြမှုများ ဖြစ်လာကြောင်း၊ နောက်ထပ်အိမ်နီးချင်းနိုင်ငံသည်လည်း ထို့အတူပင်ဖြစ်ကြောင်း၊ ယင်းအခြေအနေများသည် လက်တွေ့ဖြစ်နေသည့် အခြေအနေများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်ပြီး အတတ်နိုင်ဆုံး လုပ်ဆောင်ပေးနိုင်သည့်   အခွန်လျှော့ကောက်ခြင်း၊  ပြည်သူလူထု၏ လိုအပ်ချက် အရန်ထားရှိရမည့်အရာများကို ချိန်ညှိပြီး နိုင်ငံခြား ငွေသုံးစွဲမှုများကို   ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့်လည်း မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၌ ဖြစ်နေသည့်    စက်သုံးဆီ စျေးနှုန်း၊ အရှေ့တောင်အာရှနိုင်ငံများ၌ ဖြစ်နေသည့် စက်သုံးဆီစျေးနှုန်းကို လေ့လာကြည့်စေလိုကြောင်း၊ မိမိတို့နိုင်ငံ၏ စက်သုံးဆီသည် ယခုအချိန်အထိ အနိမ့်ဆုံးထဲ (စျေးချိုသည့်အထဲတွင်) ပါဝင်ကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော်မှုခင်းနှင့် သတင်းစုံအေဂျင်စီမှ သတင်းထောက် ဦးဇော်ဝင်းက မြန်မာနိုင်ငံအတွင်းတွင်နေထိုင်ကြသည့် ဖခင် FRC ၊ မိခင်မြန်မာနိုင်ငံသူ၊ မိခင် FRC၊ ဖခင်မြန်မာနိုင်ငံသား၊ ဖခင်နှင့် မိခင် FRC များဖြစ်ကြသည့် ဟိန္ဒူလူမျိုးများသည် ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ၂၀၁၀   ရွေးကောက်ပွဲအတွက် စီမံချက်ရေးဆွဲပြီး နိုင်ငံသားအစိမ်းရောင်ကတ်ပြားထုတ်ပေးပြီး ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများ တွင် မဲပေးခွင့်ရရှိခဲ့ကြောင်း၊ ၂၀၀၇-၂၀၀၈ ခုနှစ်  စီမံချက်ကာလတွင် အခြေအနေအရပ်ရပ်ကြောင့် မကွေးတိုင်း‌ဒေသကြီး သရက်မြို့၌ ၁၀ ဦးခန့်သာ ရရှိခဲ့ပြီး  အိမ်ထောင်စု ၃၀၀   ခန့်မှာ   စိစစ်ရေး ကတ်ပြားများပြုလုပ်ရန်ကျန်ရှိသူ ၃၀၀ ခန့်ရှိနေ ကြောင်း၊ ၎င်းတို့အတွက် တစ်လျှောက်လုံး ကြိုးစား နေသော်လည်းမရကြောင်း၊ ယခု  ၂၀၂၃   ခုနှစ် ရွေးကောက်ပွဲကာလ ပန်းခင်းစီမံချက်တွင် ဗိုလ်ချုပ် ပြောသကဲ့သို့ မကွေးတိုင်းဒေသကြီးတွင် ခြောက်မြို့နယ်ခန့်မရရှိသေးကြောင်း၊ ၎င်းပြည်သူများက မျှော်လင့်နေကြောင်း၊ ရနိုင်၊ မရနိုင် နိုင်ငံတော်အစိုးရ အနေဖြင့် ဖြေကြားပေးရန် တောင်းဆိုပါကြောင်း   မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထိုမေးခွန်းကို   ဖြေကြားပေးရန် ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက   နိုင်ငံသားနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် နိုင်ငံသား၊  ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ဟူ၍ သုံးမျိုးရှိကြောင်း၊ နိုင်ငံသားတွင် မွေးရာပါနိုင်ငံသားနှင့် ဥပဒေအရ နိုင်ငံသားဟူ၍ နှစ်မျိုးရှိကြောင်း၊ တိုင်းရင်းသား များအနေဖြင့် မွေးရာပါနိုင်ငံသားများဖြစ်ကြောင်း၊ ဥပဒေအရ နိုင်ငံသားဆိုသည်မှာ တိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားလာခြင်းမဟုတ်ဘဲ ဥပဒေကြောင်းအရရရှိသည့် နိုင်ငံသားကိုဆိုလိုကြောင်း၊ ဥပဒေကြောင်းအရ အချက်အလက်များညီညွတ်ပါက ဥပဒေအရနိုင်ငံသားပေး၍ရကြောင်း၊ ယင်းနိုင်ငံသားများအားလုံး မဲပေးခွင့်ရှိကြောင်း၊ သတင်းထောက်ကြီးပြောသည့် လူ ၃၀၀ သည် စိစစ်ရေးကတ်ပြားရရန် ကျန်ရှိသည်ဟုပြောကြောင်း၊ ၎င်းတို့သည် မွေးရာပါနိုင်ငံသားမဟုတ်နိုင်ကြောင်း၊ အဆိုပါကိစ္စများသည် လျှောက်ထားမှရ သည့် ကိစ္စများဖြစ်ကြောင်း၊ မွေးရာပါနိုင်ငံသားမဟုတ်သည့် ဥပဒေအရနိုင်ငံသားများကို တိုင်းရင်းသား မဟုတ် သည့်အတွက်စီမံချက်ဖြင့်ကွင်းဆင်းပြီး ဆောင်ရွက်ပေး၍မရကြောင်း၊ ရုံး၌သာဆောင်ရွက်ပေး၍ရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မိဘဘိုးဘွားများကို သေချာစိစစ်ပြီးမှသာ ဆောင်ရွက်ပေး၍ရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စ ဆောင်ရွက်ရန် မြို့နယ်စုံ/စစ်အဖွဲ့ရှိကြောင်း၊ ယင်းအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိနှင့် အခြားဌာနဆိုင်ရာ နှစ်ဦးပါဝင်ကြောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူးက အတွင်းရေးမှူးဖြစ်ကြောင်း၊ ယင်းအဖွဲ့ဖြင့်စိစစ်ပြီး တိုင်းနှင့်ပြည်နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ဆက်လက်တင်ပြရကြောင်း၊ ထိုမှတစ်ဆင့် ရုံးချုပ်ရှိဗဟိုအဖွဲ့သို့ ဆက်လက်တင်ပြရကြောင်း၊ ဗဟိုအဖွဲ့တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ပြီး ကာကွယ်ရေးဝန်ကြီးက နိုင်ငံတော်ကာကွယ်ရေးနှင့်ပတ်သက်၍ ထည့်သွင်းထားခြင်းဖြစ် ကာ ပြည်ထဲရေးဝန်ကြီးသည် နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်၍ ထည့်သွင်းထားခြင်းဖြစ် ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို နိုင်ငံတကာရေးရာနှင့် ပတ်သက်၍ ထည့်သွင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနအတွင်းဝန်က အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း၊ ယင်းဗဟိုအဖွဲ့နှင့်စိစစ်ပြီး နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ပေး ရသည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် ကာယကံရှင်အနေဖြင့် သက်ဆိုင်ရာ မြို့နယ်ရုံးတွင် လျှောက်ထားရမည်ဖြစ်ကြောင်း၊ ထိုသို့လျှောက်ထားရာတွင် ဥပဒေနှင့်ညီရန် လိုကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် ထိုလူ ၃၀၀ ၏ စာရင်းရမည်ဆိုပါက သရက်မြို့နယ်ရုံး သို့မဟုတ် မိမိတို့ဝန်ကြီးဌာနရုံးသို့ ပေးပို့ပေးရန် အကူအညီတောင်းခံလို ကြောင်း၊ ထိုသူများသည် ဥပဒေနှင့်ညီပါက ကတ်ပြားတစ်မျိုးမျိုးရရှိမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက အထွေထွေကုန်ဈေးနှုန်း မြင့်တက်ခြင်းသည် စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့် အဓိက ဖြစ်သည်ဟုဆိုသော်လည်း မြန်မာနိုင်ငံ၏ တက်ပြီး ပြန်မကျသည့် ကုန်ဈေးနှုန်းသည်လက်ရှိအနေ အထားအတိုင်းဆက်ဖြစ်နေမည်ဖြစ် ကြောင်း၊ ထို့ကြောင့် စက်သုံးဆီဈေးနှုန်းကို အမှန်တကယ် လျှော့ချနိုင်သည့်ကုမ္ပဏီများကို ခွင့်ပြုပေးသင့်ကြောင်း၊ ကုန်ဈေးနှုန်း မြင့်တက်ခြင်းသည် အဂတိမှုများကြောင့်ဖြစ်သည်ဆိုသည့် အယူအဆများလည်းရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ယင်းကိစ္စများနှင့်ပတ်သက်၍ မည်သို့အရေးယူဆောင်ရွက်သွားမည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အဂတိလိုက်စားမှု နှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် မကြာခဏဖြေကြားခြင်းများ ဆောင်ရွက်နေကြောင်း၊ မိမိတို့အနေဖြင့် အဂတိလိုက်စားမှုသည် တိုင်ကြားမှုတိုင်းကို အရေးယူ၍မရကြောင်း၊ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး မိမိအနေဖြင့် ယင်းဥပဒေအကြောင်းအရာများကို မဆွေးနွေးလိုကြောင်း၊ လူ့သဘောသဘာဝအရသာဆွေးနွေးလိုကြောင်း၊ လူတစ်ယောက်အား အဂတိလိုက်စားမှုရှိသည် ဟု စွပ်စွဲရန်လွယ်ကူကြောင်း၊ ထို့အတူ အဂတိလိုက်စားမှုရှိသည်ဟု ပြောဆိုရန် လည်းလွယ်ကူကြောင်း၊ သို့သော် အဂတိလိုက်စားမှုရှိသည်ဆိုသည့် သက်သေအထောက်အထား ပြသရန်ခဲယဉ်းကြောင်း၊ အဂတိလိုက်စားမှုသည် စွပ်စွဲ၍အကောင်းဆုံးအကြောင်းခြင်းရာ တစ်ခုလည်းဖြစ်နေကြောင်း၊ အဂတိဆိုရာ၌ ငွေရေးကြေးရေးအရ ပြောခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ယခင်ကဖြစ်စဉ်များကိုသာမက လက်ရှိတွင် မည်သည့်ဖြစ်စဉ်များကို အရေးယူပြီးဖြစ်သည်ကို သိပြီးဖြစ်မည်ဖြစ်ကြောင်း၊ ဥပမာ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဝန်ကြီးချုပ်တစ်ဦးကို အရေးယူ ထားကြောင်း၊ဝန်ကြီးတချို့ကိုလည်း အရေးယူ ထားကြောင်း၊ မိမိပြောလိုသည်မှာ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေနှင့်ငြိစွန်းသည့် မည်သည့်ကိစ္စမဆို ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်လည်း အဂတိလိုက်စားမှု လျော့နည်းရေးဆိုသည်မှာဖြစ်နိုင်သော်လည်း အဂတိလိုက်စားမှုပပျောက်ရေးဆိုသည်မှာ မဖြစ် နိုင်ကြောင်း၊ မည်သည့်နိုင်ငံမှခြောက်ပြစ်ကင်း သဲလဲစင်ဟူ၍မရှိကြောင်း၊ မိမိတို့အနေဖြင့် အတတ် နိုင်ဆုံးဆောင်ရွက်သွားမည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

97 Media မှ သတင်းထောက်ချုပ် ဦးနန္ဒလင်း (ထားဝယ်) က ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကဏ္ဍအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ ရုရှားဘာသာကျွမ်းကျင်မှုသင်တန်း များကို ဖွင့်လှစ်ပို့ချလျက်ရှိသည်ဟု သိရှိရကြောင်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍအတွက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အတွက် ပူးပေါင်းဆောင်ရွက်သွား မည့်အခြေအနေကို ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ခရီးသွားလုပ်ငန်း ကဏ္ဍမြှင့်တင်ရေးအတွက် ရုရှားနှင့်မြန်မာပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံမော်စကို မြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့်နိုင်ငံတကာ ခရီးသွားပြပွဲ (၂၀၁၅-၂၀၁၆)တွင် မြန်မာခရီးသွား လုပ်ငန်းရှင်များအသင်းက သွားရောက်ပြသခဲ့ သကဲ့သို့ ၂၀၁၈ ခုနှစ်တွင်လည်း ဆောင်ရွက်သည်များရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်မတ်၁၆ရက်မှ ၁၈ ရက်အထိ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည့် (၂၉)ကြိမ်မြောက် နိုင်ငံတကာခရီးသွားပြပွဲ (မော်စကို)တွင်လည်းမြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ပြသရန် စီစဉ်ထားကြောင်း၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအနေဖြင့် အာဆီယံမူဘောင်အောက်မှ အာဆီယံ-ရုရှား ခရီးသွားလာရေးညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံ- ရုရှားခရီးသွားလာမှုလုပ်ငန်းဆိုင်ရာ အစည်းအဝေးများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊

ယခုနှစ်အပါအဝင် (၁၂)ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းတွင်ရုရှားခရီးသွား ဈေးကွက် ပိုမိုရရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သင်တန်းသားများအား ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့တို့တွင် ရုရှားဘာသာစကားပြောအခြေခံသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ရန်ကုန်တွင်ရှိသည့် ဟိုတယ်နှင့်ခရီးသွားလာမှုညွှန်ကြားရေးဦးစီးဌာန ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန မှ ၂၀၂၂ ခုနှစ် ဩဂုတ်လမှ စတင်ပြီး သင်တန်းသား ၅၀ ကို ရုရှားဘာသာ စကား အခြေခံသင်တန်းဖွင့်လှစ်လျက်ရှိကြောင်း၊ မန္တလေးတွင်လည်း နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့်အဆိုပါရက်တွင် သင်တန်းသား ၆၀ အား တစ်ရက်လျှင် သုံးနာရီပို့ချ ပေးလျက်ရှိကြောင်း၊ ပြင်ဦးလွင်၌ ရုရှားဘာသာ အခြေခံသင်တန်းကို စစ်တက္ကသိုလ်မှ ရုရှားဘာသာ ကျွမ်းကျင်သည့်နည်းပြများ၏ အကူအညီဖြင့် ယခုလ ၁၅ ရက်မှ စတင်၍ ခြောက်လသင်တန်းအား သင်တန်းသား ၅၀ ကိုဖွင့်လှစ်ပို့ချပေးလျက်ရှိ ကြောင်း၊ လက်ရှိတွင် ရုရှားခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနိုင်ရန်ရုရှားဘာသာစကား ဧည့်လမ်းညွှန် ၈၉ ဦးအား မှတ်ပုံတင်ထားရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ရုရှားနိုင်ငံသို့သွားစဉ်တွင် ရုရှားနှင့်မြန်မာတိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ပါက ရုရှားခရီးသွားများ မြန်မာနိုင်ငံ ကို ပိုမိုရောက်ရှိလာမည်ဖြစ်ကြောင်း၊ ရုရှားတို့ အနေဖြင့်မြန်မာနိုင်ငံ၏ခရီးစဉ်များဖြစ်သည့် ပင်လယ်ကမ်းခြေများကို သဘောကျ၍ နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲပြီး ခရီးသွားလာရေးမြှင့်တင်ရေးလုပ်ငန်းများနှင့် အတူ ရုရှားခရီးသွားများ မြန်မာနိုင်ငံကို ယခုနှစ်ကုန်ပိုင်း သို့မဟုတ် လာမည့်နှစ် နှစ်ဆန်းပိုင်းခန့်တွင် ပိုမိုဝင်ရောက်လာနိုင်မည်ဟုခန့်မှန်းကြောင်း ပြန်လည်ဖြေကြားသည်။

ခေတ်ပုံရိပ်ဂျာနယ်မှ သတင်းထောက် ဦးဝင်းနိုင်က လက်ရှိတွင် နိုင်ငံတစ်ဝန်းအကြမ်းဖက် လူသတ်မှုများက နေ့စဉ်နှင့်အမျှကြားသိနေရကြောင်း၊ ယခု ပိုမိုအတင့်ရဲလာသည်မှာ လူအများ ရှိပါလျက် နေ့ခင်းတွင် သေနတ်ဖြင့် အကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခဲ့သည့် သင်္ဃန်းကျွန်း လဝက ရုံးဖြစ်စဉ်နှင့် သံဃာတော်များကို ဆွမ်းလောင်းရန် ချက်ပြုတ်နေသည့်လူများကို အကြမ်းဖက်ဖောက်ခွဲသည့်လုပ်ရပ်မျိုးများ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများကို အပြစ်မရှိဘဲဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်နေသည်မှာ နေ့စဉ်လစ်လျှင်လစ်သလို လုပ်ကြံသတ်ဖြတ်ခြင်းများကို ကြားသိနေရကြောင်း၊ ယခုဆိုလျှင်ရပ်ကျေးအုပ်ချုပ်ရေးမှူးများ သည်လည်း ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရဲရဲဝံ့ဝံ့မလုပ်ရဲသကဲ့သို့ ဖြစ်နေကြောင်း၊ ထိုသို့လက်နက်ဖြင့် အကြမ်းဖက်မှုများ၊ ရာဇဝတ်မှုများ နည်းပါးလာစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးစီမံချက်များချမှတ်ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ/မရှိ နှင့် အစိုးရဌာနများ၌ ၎င်းတို့၏လုံခြုံရေးအတွက် လက်နက်တပ်ဆင်ပေးပြီး ဌာနများ၏ လုံခြုံရေးအတွက် သီးသန့်လက်နက်တပ်ဆင်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြမ်းဖက်နှိမ်နင်းရေးနှင့်ပတ်သက်ပြီး အထူးဆောင်ရွက်နေသည့် လုပ်ငန်းများရှိကြောင်း၊ ယင်းလုပ်ငန်းများနှင့်ပတ်သက်၍ ယခုလို သတင်းစာရှင်းလင်းပွဲတွင် မည်ကဲ့သို့ဆောင်ရွက်နေသည်ကို ထုတ်‌ဖော်ပြောကြား၍မရကြောင်း၊ သို့သော် အထူးစီမံချက် ချ၍ ဆောင်ရွက်နေသည့်လုပ်ငန်းများရှိသည်ဟုသာ မိမိအနေဖြင့်အသိပေးလိုကြောင်း၊ အစိုးရ ဌာနများ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ အဓိကတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လိုအပ်ပါက အစိုးရဌာနများလုံခြုံရေးကို ပြည်သူ့လုံခြုံရေးစနစ် ဖြင့်ပေါင်းစပ်၍ ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ပြန်လည်ဖြေကြားသည်။     ။