နေပြည်တော် ဩဂုတ် ၂၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး အကြီးစားပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ပြီးစီးမှုကိုကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ လိုဏ်ဂူတော်ကြီး၏ ဓာတ်လှေကားအသစ်ပြောင်းလဲတပ်ဆင်နေမှု၊ လေအေးပေးစက် Compressor အသစ်များလဲလှယ်တပ်ဆင်နေမှု၊ အသံထိန်းနံရံပြင်ဆင်မှု၊ Wiring Line ပြုပြင်မှုများကိုကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်ခံ့ရေး၊ ရှေးမူမပျက်ဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရေး မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန ဆဋ္ဌသင်္ဂါယနာတင်မော်ကွန်းပြတိုက်ကြီး ပြုပြင်ဆောင်ရွက်နေမှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်ချက်အတိုင်းဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့တည်တံ့စေရေးနှင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေး၊ သမိုင်းဝင်အဆောက်အအုံဖြစ်သည့်အတွက် ရှေးဟောင်းလက်ရာပန်းချီပန်းပုများပျက်စီးမှုမရှိစေရေး၊ အရည်အသွေးပြည့်ဝအောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး(ရုံးခွဲ)အဆောက်အအုံ ပြုပြင်မွမ်းမံဆောင်ရွက်မှုနှင့် ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ စက္ကူဂိုဒေါင်များ ပြုပြင်ဆောင်ရွက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများစနစ်တကျနှင့်အချိန်မီပြီးစီးရေး၊ ပျက်စီးဆုံးရှုံးမှုများမရှိစေရေး၊ အရည်အသွေးကောင်းမွန်သော သတ်မှတ်ပစ္စည်းများ သုံးစွဲဆောင်ရွက်ရေးတို့ကို အလေးထားဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်