နေပြည်တော် ဩဂုတ် ၂၅
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ Hybrid Format ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ ကလေးလုပ်သားဆိုင်ရာ စစ်တမ်းကောက်ယူခဲ့မှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခု၌ ကလေးလုပ်သားဆိုင်ရာစစ်တမ်းကောက်ယူနေမှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စစ်တမ်းကောက်ယူရန်ကျန်ရှိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ စစ်တမ်းကောက်ယူနိုင်ရေးလုပ်ငန်းအချိန်ဇယားပြုစု၍ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီသို့ ပေးပို့ကြရေးတို့ကို ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ညွှန်ကြားရေးမှူးချုပ်က စစ်တမ်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဝင်များက စစ်တမ်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်