နေပြည်တော် ဩဂုတ် ၂၅
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး (16th ASEAN Navy Chiefs’ Meeting-16th ANCM) သို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၆)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး တက်ရောက်ခြင်းနှင့် အာဆီယံ ရေတပ်ဦးစီးချုပ်များ နှစ်နိုင်ငံ ရေတပ်တွေ့ဆုံခြင်း (Bilateral Call)များ ဆောင်ရွက် ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံနိုင်ငံရေတပ်များမှ ရေတပ်ဦးစီးချုပ်များ၊ လာအိုနိုင်ငံမှ ဒုတိယ ကြည်းတပ်ဦးစီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရေတပ်ဦးစီးချုပ်များ အစည်းအဝေးတွင် သဘာပတိဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Yudo Margono က (၁၆) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး အစည်းအဝေး ဖွင့်လှစ်ပေးသည်။ ယင်းနောက် ယခင်နှစ် (၁၅)ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး မှတ်တမ်းကို အတည်ပြုသည်။ ဆက်လက်၍ ANCM အမြဲတမ်း ပူးတွဲအတွင်းဝန်က ဒေသတွင်းပင်လယ်ရေကြောင်း လုံခြုံရေး အခြေအနေများကို အကျဉ်းချုပ် တင်ပြဆွေးနွေးသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် အာဆီယံ ရေတပ်ဦးစီးချုပ်များက “The Roles of ASEAN Navies in Add-ressing Maritime Challenges’’ (ပင်လယ်ရေကြောင်း စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အာဆီယံရေတပ်များ၏အခန်းကဏ္ဍ) ခေါင်းစဉ်အား နိုင်ငံအလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က ဒေသတွင်း ပင်လယ်ရေကြောင်း စိန်ခေါ်မှုများကို စုပေါင်းဖြေရှင်းခြင်းဖြင့် လုံခြုံစိတ်ချတည်ငြိမ်သော ရေကြောင်းနယ်ပယ် တည်ဆောက်နိုင်မှုများ၊ တပ်မတော် (ရေ)၏ စွမ်းဆောင်ရည်မြှင့်တင်မှုကို လေ့ကျင့်ရေးဖြင့် ဦးတည် ဆောင်ရွက်နေမှုများ၊ အာဆီယံ ရေတပ်များကျင့်သုံးရမည့် Team Work ၏ အရေးပါမှုကို ဆွေးနွေးခဲ့ပြီး အာဆီယံ ရေတပ်ဦးစီးချုပ်များက ရေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားကြရန်နှင့် ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာများကို ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အာဆီယံ ရေတပ်လေ့ကျင့်ရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေး အစီအစဉ်အတွက် ဆွေးနွေးမှုများကို ဆောင်ရွက်ကြပြီး ၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မည့် ရေတပ်ဆိုင်ရာ ပူးပေါင်းလေ့ကျင့်ခန်းများ၊ အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်း ကာကွယ်ရေး ပစ္စည်းပြပွဲနှင့် ရေတပ်အချင်းချင်း တွေ့ဆုံဆွေးနွေးရေး အစီအစဉ်များနှင့်ပတ်သက်၍ ဖိတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် သဘာပတိ အင်ဒိုနီးရှား ရေတပ်ဦးစီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးအပြီးတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ)သည် အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်၊ ဗီယက်နမ်ရေတပ်ဦးစီးချုပ်၊ ထိုင်းရေတပ်ဦးစီးချုပ်၊ ကမ္ဘောဒီးယား ရေတပ်ဦးစီးချုပ်နှင့် လာအိုကြည်းတပ် ဒုတိယဦးစီးချုပ်တို့ကို သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်