နေပြည်တော် ဩဂုတ် ၂၅
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၅/ ၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး ( ရွာတော်) ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက သင်တန်းသားများအနေဖြင့် ကော်မရှင်၊ ရွေးကောက်ပွဲတို့နှင့် ပတ်သက်ပြီး သိရှိထားရန်လိုကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆိုသည်မှာ ရွေးကောက်ပွဲများကို တာဝန်ယူ ကြီးကြပ်ကျင်းပပေးရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ရမည့် တာဝန်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေတွင် ပြဋ္ဌာန်းထားပြီး အဓိကအားဖြင့် တာဝန်(၃)မျိုး တွေ့ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများကို ကျင်းပပေးရန်၊ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရေ းအတွက် ကြီးကြပ်ပေးရန်နှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာများကို ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်းပြီး စစ်ဆေးရန်တို့ ဖြစ်ကြောင်း၊ အဓိကအချက်မှာ ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်ရန် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် လွှတ်တော် ဖွဲ့စည်းမှုအနေနှင့် လွှတ်တော်(၃)ရပ်ရှိကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တို့ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး လွှတ်တော်တစ်ရပ်ချင်းအတွက် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထားကြောင်း၊ ရွေးကောက်ခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဆိုရာတွင်လည်း နိုင်ငံရေးပါတီများကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းဟူ၍ရှိကြောင်း၊ နိုင်ငံရေးပါတီများကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ရွေးချယ်ထားသော ပုဂ္ဂိုလ်များ ဖြစ်ကြောင်း။
ရွေးကောက်ပွဲများ ကျင်းပရာတွင် အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲ ဟူ၍ရှိကြောင်း၊ အထွေထွေ ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်များ သက်တမ်းတစ်ခု ကုန်ဆုံးချိန်တွင် နောက်လွှတ်တော်များ ဖွဲ့စည်းနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရန်အတွက် ကျင်းပပေးသော ရွေးကောက်ပွဲဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်သက်တမ်း တစ်ရပ်အတွင်းတွင် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်များ နေရာတွင် အစားထိုး တာဝန်ပေးနိုင်ရန်အတွက် ရွေးကောက်တင်မြှောက်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း။
ရွေးကောက်ပွဲ ကျင်းပရာတွင် ကာလအားဖြင့် အပိုင်း ၃ ပိုင်း တွေ့ရှိမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမတိုင်ခင် (အကြို) ကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန် (နှောင်းပိုင်း)ကာလတို့ ဖြစ်ကြောင်း၊ ကာလအပိုင်းအခြား တစ်ခုတိုင်းတွင် လုပ်ငန်းစဉ် များစွာရှိပြီး ရွေးကောက်ပွဲတစ်ခုနှင့် တစ်ခုကြား စက်ဝန်းတစ်ခုကဲ့သို့ စဉ်ဆက်မပြတ် ဆောင်ရွက်ရကြောင်း၊ သင်တန်းတွင် လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်နိုင်ရန် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ ဒုတိယဦးစီးမှူး ဆိုသည်မှာ ဦးစီးအရာရှိများအား အဓိက အထောက်အကူပြုရသော သူများ ဖြစ်သည့်အတွက် ကိုယ်တိုင်သိရှိ ကျွမ်းကျင်မှသာ အပြည့်အဝ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း။
ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သည် အဓိက တာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ ကော်မရှင်၏ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်များသည် ချွတ်ချော်မှုများ ဖြစ်ခဲ့ပါက ကော်မရှင်၏ သိက္ခာ၊ နိုင်ငံ၏သိက္ခာကို ထိခိုက်မှာဖြစ်ကြောင်း၊ ချွတ်ချော် မှားယွင်းမှုမရှိစေရန် မိမိဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်နေရန် လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပသည့်အခါ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ရမည့်တာဝန်များကို သိရှိပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန် အလေးအနက်ထား လေ့လာသင်ယူကြရန် မှာကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းကို ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်