မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာ၌ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်နေသော မွေးမြူရေးဝက်ခြံပိုင်ရှင်နှင့်တွေ့ဆုံ၍ အသားတိုးဝက်မွေးမြူခြင်းဖြင့် ကျေးလက်ဒေသနေပြည်သူများ ပုံမှန်ဝင်ငွေရရှိနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
တံတားဦးမြို့နယ်၊စကားအင်းကျေးရွာတွင် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းကို ယခင် (၂)နှစ်ခန့်မှ စတင်မွေးမြူခဲ့ရာ လက်ရှိအချိန်တွင် (၃)နှစ်တာကာလအတွင်း ရောက်ရှိပြီးဖြစ်ကြောင်း၊ ဝက်များအားမွေးမြူရာတွင် ဝက်ခြံများကို ကွန်ကရစ်အခင်းများဖြင့် သန့်ရှင်းသပ်ရပ်စွာ မွေးမြူဆောင်ရွက်ထားကြောင်း၊ ဝက်ခြံတစ်ခြံလျှင် ဝက်ကောင်ရေ (၁၀-၁၅)ကောင်အထိ တစ်ပိုင်တစ်နိုင် မွေးမြူထားရှိပြီး ဝက်စာကျွေးခွက်များကိုလည်း ကွန်ကရစ်ဖြင့်ပြုလုပ်ထားပြီး အစာကျွေးခွက်တစ်ခုလျှင်(၅)ကောင်ကျွေးနိုင်ကြောင်း၊ အသားတိုးဝက်မွေးမြူရာတွင် မိခင်နို့ခွဲကာစ (၁)လခွဲမှ စတင်ဝယ်ယူပြီးမွေးမြူရကြောင်း၊ (၁)လခွဲသားဝက်ပေါက်တစ်ကောင်လျှင်(၈၀၀၀၀-၈၅၀၀၀)ကျပ် ဝန်းကျင်ခန့်ဝယ်ယူရပါသည်။ စတင်မွေးမြူရာတွင် (CP-950)အငယ်စာနှင့်ဖွဲနု ရော၍ကျွေးရကြောင်း၊ ဝက်တစ်ကောင်လျှင် (CP-950)နို့ဆီဗူးတစ်ဝက်နှင့် ဖွဲနု(၃)ဗူးရောပြီး အခြောက်ကျွေးရကြောင်း၊ နေ့စဉ်ရေ(၂)ကြိမ်ချိုးပေးရပြီး ပုံမှန်ကျွေး၍မွေးမြူလာပြီးနောက် (၂) လခွဲသား ရောက်သည့်အခါ အကြီးစာကျွေးရပါသည်။ အကြီးစာကျွေးသည့်အခါ (CP-7512)နှင့် ဖွဲ့နုရောပြီး အခြောက်ကျွေးရပြီးလိုအပ်လျှင် (၁)လ တစ်ကြိမ်ဆေးထိုးပေးရပြီး (၄)လပြည့်သော အခါ ရောင်းတန်းဝင် ဝက်တစ်ကောင်သို့ရောက်ရှိပြီး အရောင်းအဝယ်ပြုလုပ်ကြပါသည်။ (၄)လ ပြည့်ပြီး ဝက်တစ်ကောင်လျှင်(၄၀၀၀၀၀- ၄၅၀၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ် ပြီး ဝက်တစ်ကောင်လျှင် အစာဘိုးနှင့်ကျွေးမွေးစရိတ်နှုတ်ပြီး ဝက်တစ်ကောင် အကျိုးအမြတ်မှာ (၂၀၀၀၀၀-၃၀၀၀၀၀)ကျပ်နီးပါး အကျိုးအမြတ်ရရှိမည်ဖြစ်ပါသောကြောင့် ကျေးလက်နေပြည်သူများအနေဖြင့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်စီးပွားဖြစ် မွေးမြူသင့် ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)