“အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်” ဆိုတဲ့ မြန်မာစကားပုံအရ မြန်မာ လူမျိုးအများစု အရသာအတွေ့ဆုံးက သရက်သီးဖြစ်တယ်လို့ဆိုနိုင်ပေမဲ့ အရှေ့တောင်အာရှ တခွင်မှာတော့ ဒူးရင်းသီးကို သစ်သီးများရဲ့ဘုရင် (King of Fruits)တင်စား ခေါ်ဝေါ်ကြပါတယ်။ ဒူးရင်း(Durian)ဆိုသည့်အမည်ဟာ မလေးဘာသာ(Duri) ဆိုသည့်စကားရပ်မှ ဆင်းသက်လာ တာဖြစ်ပြီး (Duri) ဆိုတာကတော့ “ဆူး” ဆိုတဲ့ အဓိပ္ပါယ်ပါ။ ထားဝယ်ရာဇဝင် သမိုင်းဖော်ပြချက်မှာတော့ မြတ်စွာဘုရားရှင်အား “ဒူရကနတ်သား”မှ နတ်ပြည်မှပါလာသည့် နတ်သစ်သီးအား ဆပ်ကပ်လှူဒါန်းခဲ့သည့် နတ်သစ်သီးမျိုးစေ့ကို လူတို့စိုက်ပျိုးကြရာမှ ထိုအသီးကို “ဒူရကသီး”ဟု ခေါ်တွင်ခဲ့ရာမှ နောက်ပိုင်းတွင် “ဒူးရင်းသီး”ဟု အမည်တွင်ခဲ့တယ်လို့ ဖတ်ရှု့လေ့လာဖူးပါတယ်။
“ဆူးတွေထောင်လို့ဒေါသကြီး ကိုကိုဒူးရင်းသီး” လို့ပြောရလောက်အောင် သူရဲ့ပုံသဏ္ဍန်ကိုက အခြားသောသစ်သီးများနှင့်မတူပဲ အခွံပေါ်မှာ ဆူးချွန်တွေပါရှိနေကာ အနံ့စူးပြီး အခွံကလည်းထူပါတယ်။ ဒူးရင်းသီးရဲ့အနံ့ဟာ အလွန်စူးရှလှသည့်အတွက် ထိုသစ်သီးမျိုးကို လုံအောင်ဖွက်ထား ဖို့ဆိုတာမလွယ်ကူလှပါဘူး။ ဒူးရင်းသီးဟာ အပူပိုင်းရာသီဥတုစစ်စစ်ကိုသာ ကြိုက်နှစ်သက်တဲ့ အသီးမျိုးဖြစ်တာကြောင့် နေ့အပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်အောက်ရောက်သောဒေသမှာ စိုက် ပျိုး၍မဖြစ်ထွန်းပါဘူး။ မြန်မာနိုင်ငံတွင် ဒူးရင်းသီးများကို မိုးဦးကျချိန် ဇွန်လပိုင်းလောက်တွင် စတင်စိုက်ပျိုးကြပြီး အရည်အသွေးကောင်းမျိုးများဖြစ်ကြသော ကန်ကလေး၊ ရွှေဒင်္ဂါးနှင့် မိချောင်း ခေါင်းမျိုးများကို စိုက်ပျိုးလေ့ရှိကြပါတယ်။ မျိုးအပေါ်လိုက်၍ စပွင့်သည်မှ မှည့်သည် အထိ(၅ လခွဲ မှ ၆ လအထိ)ကြာမြင့်တက်ပါသည်။ အရောင်ပြောင်း၍ ဆူးကျဲလာလျှင်ကောင်း စွာရင့်၍ ခူးဆွတ်နိုင်ပြီဖြစ်သော်လည်း အပင်မှည့်ကြွေသီးက အရသာပိုကောင်းပါတယ်။ ဒူးရင်း သီးဟာ အလျား(၁)ပေနှင့် အလေးချိန်(၇)ပေါင်လောက်ထိ ကြီးထွားနိုင်ကြပါတယ်။ ဆွတ်ခူးထားသည့် ဒူးရင်းသီးများကို သာမာန်အခန်းအပူချိန်တွင် (၁၀) ရက်ခန့် ထားရှိနိုင်သော်လည်း ကြွေသီး မှာ (၂ ရက်မှ ၃ ရက်အတွင်း)သာ အထားခံပါတယ်။ ဒူးရင်းသီးဟာ အရှေ့တောင်အာရှသားစစ် စစ်ဖြစ်ပြီး ဘရူးနိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ဟာ ကိုကိုဒူးရင်းသီးရဲ့ဇာတိပဲဖြစ်ပါတယ်။ ဒူးရင်းသီး အများဆုံးထွက်ရှိရာ ဒေသများကတော့ မြန်မာနိုင်ငံတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ လာအိုနိုင်ငံတောင် ပိုင်း၊ တရုတ်နိုင်ငံတောင်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘရူးနိုင်းနိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတွေမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ထိုင်းနိုင်ငံကတော့ ဒူးရင်း သီးစိုက်ပျိုးရာဇာတိနိုင်ငံမဟုတ်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက တစ်ဆင့်ဝင်ရောက်လာပြီး အခုဆို ရင် ထိုင်းနိုင်ငံဟာ ဒူးရင်းသီးအများဆုံး တင်ပို့ရောင်းတဲ့ နိုင်ငံဖြစ်နေပါပြီ။ တစ်ကမ္ဘာလုံးအနေနဲ့ ထွက်ရှိတဲ့ဒူးရင်းသီးတန်ချိန် (၁၄၀၀၀၀၀) အနက် တန်ချိန်(၇၈၁၀၀၀)ဟာ ထိုင်းနိုင်ငံမှာ စိုက်ပျိုး ထွက်ရှိတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ဒူးရင်းသီး တန်ချိန်စုစုပေါင်းရဲ့တစ်ဝက်လောက်ကို ချန်တာဘူရီ (Chantaburi)ခရိုင်မှာ စိုက်ပျိုးတာဖြစ်ပါတယ်။ နှစ်စဉ် မေလစောစောပိုင်းတွင် ကမ္ဘာ့ဒူးရင်းသီးပွဲတော် (World Durian Festival)ကို ချန်တာဘူရီမှာ ကျင်းပကြပါတယ်။ ဖိလစ် ပိုင်နိုင်ငံမှာလည်း ဒူးရင်းသီးအဓိကစိုက်ပျိုးတဲ့ Davao မြို့တော်မှာလည်း နှစ်စဉ်ဒူးရင်းသီး အထိမ်းအမှတ် (Kadayawan Festival)ကို ကျင်းပကြပါသေးတယ်။
မြန်မာနိုင်ငံမှာတော့ ဒူးရင်းသီးအဓိကစိုက်ပျိုးသောဒေသများတွင် ဒူးရင်းသီး(၁)လုံးတွင် အနည်း ဆုံး (၂၀၀၀)မှ အများဆုံး(၅၀၀၀)အထိ ရောင်းချသော်လည်း ရန်ကုန်တွင်ဒူးရင်းသီးပေါက်ဈေးမှာ (၁)လုံးလျှင် အနည်းဆုံး(၅၀၀၀)မှ အများဆုံး(၁၅၀၀၀)ထိ ပေါက်ဈေးရှိပါတယ်။ စင်္ကာပူနိုင်ငံ သားတွေဟာ ဒူးရင်းသီးကို အလွန်ကြိုက်နှစ်သက်ကြပြီး စင်္ကာပူမှာအရသာရှိတဲ့ အမျိုးအစားဆို ရင် (၁)ကီလိုအထက် လက်လီရောင်းဈေး စင်္ကာပူဒေါ်လာ(၁၀ ဒေါ်လာမှ ၂၅ ဒေါ်လာအထိ) ဈေးပေါက်ပါတယ်။ဒူးရင်းသီးပတ်သက်ပြီး ဒေသအလိုက်နှင့်လူမျိုးအလိုက် ယုံကြည်မှုအမျိုးမျိုးရှိ ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ အယူအရ အပူကန်တက်သည်ဟု ယူဆသောကြောင့် ဒူးရင်းသီး၏ အပူကို တန်ပြန်တိုက်ခိုက်ဖို့ မင်းကွတ်သီးစားကြပါတယ်။ မင်းကွတ်သီးကို အအေးစာလို့ ယူဆကြတယ်တဲ့အတွက် ဒူးရင်းသီးပေါ်ချိန်တွင် မင်းကွတ်သီးများလည်း တွဲဖက်ရောင်းချကြပါသေးတယ်။ အချို့ကလည်း အပူမကန်စေရန် နာနတ်သီးကို တွဲဖက်စားသုံးကြပါသေးတယ်။
ဒူးရင်းသီးဟာ အခြားအသီးများကဲ့သို့ တစ်နှစ်ပတ်လုံး စားသုံးလို့ရသည့် အသီးမျိုးမဟုတ်ဘဲ ရာသီချိန်မှသာ စားခွင့်ရသည့် အသီးမျိုးဖြစ်ပါတယ်။ ဒူးရင်းသီးကြိုက်နှစ်သက်ကြတဲ့ မြန်မာလူ မျိုးများအနေနဲ့ ဒူးရင်းသီကို တစ်နှစ်ပတ်လုံးမရရှိနိုင်သည့်အတွက် Value Added ပြုလုပ်ကာ ဒူးရင်းယို၊ ဒူးရင်းသီးအနံ့ဝေဖာ၊ ရေခဲမုန့်၊ သကြားလုံး၊ ဘီစကွတ်၊ ရေခဲချောင်း စသဖြင့် စားစရာအမျိုးမျိုးတွင်လည်း ထည့်သွင်းစားသောက်လာကြပါတယ်။ ဒူးရင်းသီးဟာ အခြားသစ်သီးများထက် အဆီရော ကာဗွန်ဟိုက်ဒရိတ်ပါ ကြွယ်ဝသည့်အတွက် ကယ်လိုရီအများဆုံးအသီးလည်း ဖြစ်ပါတယ်။ အဝလွန်နေသူများနှင့် ကိုယ်အလေးချိန်လျော့ချနေသူများအဖို့ ဆင်ခြင်စားသုံးသင့်တဲ့ အသီးမျိုးဖြစ်ပါတယ်။ သို့သော် ဒူးရင်းသီးမှာပါဝင်တဲ့အဆီဟာ မပြည့်ဝဆီ( Trans Fatty Acid) မျိုး မဟုတ်သကဲ့သို့ ကျန်းမာရေးအတွက် အထောက်အကူပြုသည့်အစာမျှင် အဟာရတွေလည်း ပါရှိနေပြန်ပါသေးတယ်။ ဒူးရင်းသီးဟာ အသားချိုချိုအောက်မှာရှိနေတဲ့ ဒူးရင်းသီးအစေ့မှာပါ အဟာရဓာတ်တွေများစွာပါရှိပါတယ်။ ဒူးရင်းသီးအစေ့ထဲတွင် ကစီဓါတ်၊ အမျှင်ဓါတ်၊ ဇင့် ၊အဆီဓါတ်နှင့် ကယ်စီယမ်ဓါတ်များပေါကြွယ်ဝစွာပါရှိသည့်အတွက် လူ၏အင်အားကို ပြည့်ဝစေ ခြင်း၊ အစာခြေစနစ်ကိုကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ သွေးတွင်း ကိုလက်စထရောကိုကျစေခြင်း၊ အရိုးနှင့် သွားများကိုသန်မာစေခြင်းနှင့် သန်များကို လည်း ကျစေနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိနေပြန်ပါသေးတယ်။ ဒါပေမဲ့ ဒူးရင်းသီးအစေ့ကို အစိမ်း စားမယ်ဆိုရင်တော့ အန္တရာယ်ရှိစေနိုင်ပါတယ်။ ဒီလိုအစွမ်းသတ္တိတွေရှိသော ဒူးရင်းသီးအစေ့ကို ဆေးဖော်စပ်ရာတွင် အသုံးပြုရန်နှင့် အစေ့ပျောက်ဒူးရင်းသီးများစိုက်ပျိုးရာတွင် မျိုးအဖြစ်ပြန် လည် အသုံးပြုရန်အတွက် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ဒူးရင်းသီးစေ့ (၁)ပိဿာလျှင် အနည်းဆုံး (၃၀၀၀)မှ အများဆုံး(၇၅၀၀)အထိဈေးပေး၍ တနင်္သာရီနှင့် မြိတ်ဘက်တို့တွင် လာရောက်ဝယ်ယူနေကြပါတယ်။ ပိဿာအလိုက်ဝယ်ယူသည့် ဒိုင်များရှိသကဲ့သို့ အစေ့ချင်းလိုက် ဝယ်ယူသည့်ဒိုင်များလည်းရှိနေပြီး ဈေးနှုန်းမှာလည်း နေ့စဉ်အတက်အကျရှိနေပြန်ပါသေးတယ်။ ထိုင်းဘက်မှဝယ်လိုအားအများဆုံးဖြစ်နေပြီး ဒူးရင်းသီးအစေ့များကို အဝယ်ဒိုင်ဖြင့်ဝယ်ယူသူများ ရှိသကဲ့သို့ ရပ်ကွက်အတွင်း လှည့်လည်ဝယ်ယူနေကြသည့်အထိ ဒူးရင်းသီးပေါ်ချိန်နှင့်အတူ ထွက်ပေါ်လာသည့် ရာသီပေါ်ဈေးကွက်တစ်ခုအဖြစ် ရပ်တည်နေခဲ့ပါတယ်။ သို့သော် ဒူးရင်းသီးအစေ့များ ပေါများလာချိန်တွင် ဒူးရင်းသီးအစေ့မှာ ဈေးကျသွားလေ့ရှိပါတယ်။ နောက်ဆုံးအနေနဲ့ ဒူး ရင်းသီး ဟာ အသားနှင့်အစေ့အပြင် ဒူးရင်းသီးအခွံဟာလည်း အသုံးဝင်နေပြန်ပါသေးတယ်။ ဒူးရင်းသီးရဲ့ ထူးခြားပြီးပြင်းထန်တဲ့အနံ့ကို ကြမ်းပိုးများက ကြောက်ကြတဲ့အတွက် ကြမ်းပိုးရှိသောနေရာများတွင် ဒူးရင်းသီးအခွံထားပေးပါက ကြမ်းပိုးများကို သုတ်သင်ရှင်းလင်းပေးနိုင်သကဲ့သို့ အိမ်ပြန် နောက်ကျတက်သော အမျိုးသားများ၊ လစာအကုန်မအပ်ပဲ ဖွက်ထားတက်သော အမျိုးသားများအတွက် ဒူးရင်းသီးအခွံပေါ်တွင်ဒူးထောက်၍ မိမိတို့၏အမျိုးသားများအား ဆုံးမသည့်နေရာတွင် အသုံးချနိုင်ပါသေးကြောင်း ဒူးရင်းသီးအကြောင်း တစ်စေ့တစ်စောင်းစုဆောင်းရင်း ရေးသားတင်ပြလိုက်ရပါတယ်။
DOCA(ရန်ကုန်)