Skip to main content

အစဉ်အလာမပျက် ရပ်တည်နေတဲ့ ချင်းရိုးရာအထည်

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ (၁၀၀)ကျော်ရှိရာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကားများဖြင့် တန်ဘိုးထားစွာ နေထိုင်ကြသည်ကိုတွေ့ရှိရမည်ဖြစ်သည်။ နေထိုင်ရာဒေသမတူညီကြသည်နှင့် ကိုးကွယ်ယုံကြည်မှုများလည်း မတူညီကြပေ။ ဝတ်စားဆင်ယင်မှုများမှာလည်း မိမိတို့၏ ရိုးရာသင်္ကတများအလိုက် ကွဲပြားသွားကြပါသည်။ တိုင်းရင်းသားလူမျိုးများအနက် ချင်းတိုင်းရင်းသား လူမျိုးများက လူမျိုးစု( ၅၃ )မျိုးဖြင့် နိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် နေထိုင်ကြသည်ကိုတွေ့ရသည်။ ချင်းတိုင်းရင်းသားများအနက် နာမည်ကြီးသော တိုင်းရင်းသားဝတ်စုံများမှာ ဖလမ်းလူမျိုးတို့၏ ရိုးရာဝတ်စုံ၊ တီးတိန်လူမျိုးတို့၏ ရိုးရာဝတ်စုံ၊ ဇိုမီးလူမျိုးတို့၏ ရိုးရာဝတ်စုံ၊ ဟားခါးလူမျိုးတို့၏ ရိုးရာဝန်စုံများမှာ ချင်းတိုင်းရင်းသားရိုးရာဝတ်စုံများအနက် လူသိများနာမည်ကြီးသော ရိုးရာဝတ်စုံများဖြစ်ကြသည်။

ချင်းတိုင်းရင်းသားရိုးရာဝတ်စုံများကို အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံများမှတင်သွင်းသောချည်များဖြင့် ရက်လုပ်ကြသည်ကိုတွေ့ရသည်။ လက်ကောက်နှင့် ဒီဇိုင်းပေါ်မူတည်၍ ဈေးနှုန်းများက လည်းကွားခြားသွားကြပါသည်။ ရိုးရာဝတ်စုံများတွင် ချည်သားစစ်စစ်ဖြင့် ရက်လုပ်သော ရိုးရာ ဝတ်စုံများရှိသကဲ့သို့ ပိုးချည်ဖြင့်ရက်လုပ်သော ရိုးရာဝတ်စုံများလည်းရှိသည်။ ချင်းအမျိုး သမီးများသည် ဆယ်စုနှစ်များစွာ ရိုးရာဂျပ်ခုတ်ရက်ကန်းလုပ်ငန်းသည် လူသိများပြီး ထင်ရှားကြသည် ချင်းအမျိုးသမီးများသည် ဝါပင်များကိုစိုက်ပျိုးကြပြီး ရရှိလာသည့် ဝါဂွမ်းများကို ဗိုင်းငင်၊ ချည်လုံး၊ ချည်ဆေးဆိုးနှင့် အဆင့်အဆင့်ပြုလုပ်ကြပြီး ချည်ထည်များကို လက်ရက်ကန်းစင်ဖြင့် အဆင်ဒီဇိုင်းမျိုးစုံဖြင့် တဘတ်၊ စောင်၊ လုံချည် (ကွင်းပြည့်)နှင့် ပတ်လုံချည်အမျိုးမျိုးကို ရက်လုပ်ကြပါသည်။

ချင်းရိုးရာဝတ်စုံများသည် အလွန်လှပပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင်သာမက ပြည်ပနိုင်ငံ များကပါ ရိုးရာဝတ်စုံများကို နှစ်သက်မြတ်နိုးကြပါသည်။ ချင်းအမျိုးသမီးများသည် ရက်ကန်းရက်ရာတွင် လူမျိုးစုပေါ်မူတည်၍ အလျားလိုက်သော်လည်းကောင်း၊ အစင်း၊ အကွက် (သို့မ ဟုတ်)ပန်းပွင့်ပုံများ အပြင် ချင်းလူမျိုးတို့၏ သင်္ကေတဖြစ်သည့် အောက်ချင်းငှက် ပုံဖော်ထားသည့် ဒီဇိုင်းသည် အခြားဒီဇိုင်းများနှင့်မတူဘဲ ပေါ်လွင်လှပါသည်။ ယခုအခါတွင်ချင်းတိုင်းရင်းသား ရိုးရာဝတ်စုံများအပြင် တဘက်၊ စောင်၊ ဦးထုပ်၊ လက်ကိုင်အိတ်၊ ဆံထိုး၊ နားကပ်၊ ရောင်စုံ လည်ဆွဲရှည်၊ လက်ကောက်၊ ဆံအုပ်၊ ကလစ်၊ အပေါ်ဝတ် စွယ်တာ၊ ပိုက်ဆံအိတ်နှင့် လွယ်အိတ် စသည်ဖြင့် အမြတ်တနိုးဖြင့် လက်ဆောင်ပေးခြင်း၊ အမှတ်တရဝယ်ယူကြခြင်း၊ အခါကြီးရက်ကြီးများတွင် မိမိထက်သက်ကြီးရွယ်အိုများကို ကန်တော့ပစ္စည်းများ အဖြစ် ဒေသထွက်အမှတ် တရပစ္စည်းများအဖြစ် တန်ဖိုးထားလျက်ရှိကြပါသည်။ ချင်းတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ရိုးရာဝတ်စုံ ပြည့်များကို ယင်းလူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံများကိုမေ့ပျောက်မသွားစေရန်အတွက် ရိုးရာဝတ်စုံများကို ဘုရားကျောင်းတက်၊ဆုတောင်းပွဲများ၊ မင်္ဂလာဆောင်အခမ်းအနားများတွင် တူညီဝတ်စုံများကို ဝတ်ဆုံပြည့်ဝတ်ဆင်လေ့ရှိကြပြီး ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ချင်းအမျိုး သားနေ့များတွင် ရိုးရာအကများနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပလေ့ရှိကြပါသည်။

ချင်းရိုးရာဝတ်စုံတစ်ထည်လျင် ဈေးနှုန်းအနိမ့်ဆုံး (၆၀၀၀)ကျပ်မှသည် သိန်း(၁၀) ဂဏန်း ထိရှိကြောင်းသိရှိရပါသည်။ ချင်းလုံချည်များရက်လုပ်ရာတွင် အဓိကအနေဖြင့် အိန္ဒိယချည်ကိုသာ အသုံးပြုမှုများပြီး အရောင်လိုအပ်ချက်များအရ ဒီဇိုင်းများဖော်ရန်အတွက် တရုတ်ချည်များကို အသုံးပြုပါကြောင်းသိရှိရပါသည်။ ချင်းရိုးရာအဝတ်အထည်ရက်လုပ်ရန်အတွက်ကုန်ကြမ်းပစ္စည်း များဖြစ်သည့် အိန္ဒိယနိုင်ငံထုတ် ချည်တစ်ထုပ်လျင်(၃၈၀၀၀)ကျပ်၊ တရုတ်နိုင်ငံထုတ် ချည်တစ်ထုပ်လျင် (၄၂၀၀၀) ကျပ် ဈေးနှုန်းဖြင့်ပေး၍ ဝယ်ယူရက်လုပ်ကြရပါသည်။ ယခင်နှစ်များထက် ယခုနှစ်တွင် အိန္ဒိယချည်တစ်ထုပ်လျင် (၈၀၀၀) ကျပ်နှင့် တရုတ်ချည်တစ်ထုပ်လျင်(၁၆၀၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်ခဲ့ပါသည်။ ယခုအခါတွင်ရက်ကန်းရက်လုပ်ခြင်းသည် အမြတ်အနည်း/ အများကွာဟမှုရှိပြီး အလုပ်သမားများမွေးမြူရာတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းပေးနိုင် ရန်အတွက်ကြိုတင်ငွေများထုတ်ပေးရပါကြောင်း၊ ရက်ကန်းရက်လုပ်ခြင်း အတတ်ပညာများ သင် ကြားလိုသူများအနေဖြင့်လည်း ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊ မိမိကျွမ်းကျင်စွာရက်လုပ်နိုင်လျင် အဖိုးအခများပြန်လည်ပေး၍ ရက်ကန်းသမများ မွေးမြူရပါကြောင်း ဦးမြင့်ဦးဝင်းထံမှ မေးမြန်းသိရှိရပါသည်။ ရက်ကန်းရက်လုပ်သူများအနေဖြင့် မိမိရက်လုပ်သောအထည်အမျိုးအစား ပေါ်မူတည်၍ လုပ်အားခရရှိပြီး၊ ရိုးရာဝတ်စုံ၊ ရိုးရိုးအထည်များ ရက်လုပ်မည်ဆိုပါက တစ်ရက် လျင်(၂)ထည်ခန့်ရက်လုပ်ပြီးစီး၍ ဒီဇိုင်းဆန်း၍ လက်ကောက်များသည့် လုံချည်ရက်လုပ်မည်ဆို ပါက တစ်ထည်လျင် (၂)ရက်ခန့် ရက်လုပ်ရပါကြောင်း သိရှိရပါသည်။

အရောင်းအဝယ်များအနေဖြင့် ပုံမှန်ရောင်းဝယ်မှုရှိပါသည်။ ချင်းလုံချည်များအား မြို့နယ် တွင်း၊ ချင်းပြည်နယ်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မုံရွာမြို့များအပြင် ယခုအခါတွင် ချင်းတိုင်းရင်းသားများသည် နိုင်ငံအနှံ့အပြားတွင်နေထိုင်လျက်ရှိပြီး ကနေဒါ၊ ဩစတေးလျ၊ မလေးရှား၊ စင်္ကာပူနိုင်ငံများသို့လည်း ရန်ကုန်မြို့မှတဆင့် ချင်းရိုးရာလုံချည်အပါအဝင် လွယ်အိတ်၊ တဘက်၊ ပတ်ထမိန်များကို တင်ပို့ရောင်းချလျက်ရှိပါသည်။ ချင်းလူမျိုးတို့သည့် မိမိတို့၏ နေရပ်ကိုစွန့်ခွါ၍ ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်မှုများရှိသော်လည်း မိမိတို့၏ရိုးရာဓလေ့များကို တန်ဖိုးထားမြတ်နိုးကြသည့်အတွက် မည်သည့်အရပ်ဒေသသို့ရောက်ရှိစေကာမူ မိမိတို့၏ ရိုးရာဝတ်စုံများကိုဝတ်ဆင်၍ ဘုရား ကျောင်းတက်ခြင်း၊ ဆုတောင်းပွဲအခမ်းအနား၊ မင်္ဂလာပွဲအခမ်းအနားတွင် တူညီဝတ်စုံများ ဝတ်ဆင်သည့်ဓလေ့များကို တန်ဘိုးထားကြသည့်အတွက် ရိုးရာဝတ်စုံများ ပျောက်ကွယ်မသွားနိုင်ဘဲ တင့်သင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ကာ ခေတ်နောက်မကျစေဘဲ လှပ တင့်တယ်မှုရှိကာ“ ဘယ်တော့မှမရိုးတာ ရိုးရာပါဆိုသည့် ” စကားပုံနှင့်အညီ ချင်းရိုးရာဝတ်စုံများသည်လည်း ရေရှည်ရပ်တည်နိုင်မည့် ရိုးရာချည်ထည် ရက်ကန်းလုပ်ငန်း တစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။        

DOCA(စစ်ကိုင်း)