ပြည်မြို့နယ်အတွင်း ငှက်ပျောပင်များအား စီးပွားဖြစ်တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာ ဒေသများမှာ သစ်ချီတင်ရွာ၊ ရှမ်းစုရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အား စိုက်ပျိုး ရာတွင် တချို့ကျေးလက်နေသူများမှာ မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၏ ဘေးပတ်လည်၊ နောက်ဖေးစသည့် နေရာများတွင် တစ်ပိုင်တစ်နိုင်အဖြစ် အပင်ငှက်ပျောပင် ၂၀-၅၀ ခန့် စိုက်ပျိုး ထားကြပါ သည်။
ငှက်ပျောကို စီးပွားဖြစ်စိုက်ပျိုးသည့် ဥယျာဉ်ခြံများတွင် တစ်ဧကစိုက်ပျိုးလျှင် ငှက်ပျောပင်တစ်ပင်နှင့်တစ်ပင် အကွာအဝေးမှာ ၁၀ပေခြား စိုက်ပျိုးရပါသည်။ စိုက်ပျိုးသည့် ငှက်ပျောအမျိုး အစားများမှာ ဒေသအခေါ် ရခိုင်ငှက်ပျောသီး နှင့် ဖီးကြမ်းငှက်ပျောသီးများဖြစ်ကြပါသည်။ ငှက် ပျောပင်၏ သက်တမ်းမှာ စတင်စိုက်ပျိုးပြီး (၆) လအကြာတွင် အသီးများ စတင်ခုတ်ယူရရှိ ပါသည်။ ဈေးနှုန်းအနေဖြင့် ရခိုင်ငှက်ပျောသီး တစ်ဖီးလျှင် (၅၀၀)ကျပ်၊ ငှက်ပျောသီးဖီးကြမ်း တစ်ဖီးလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချလျှက်ရှိပါသည်။ သစ်ချီတင်ရွာနှင့် ရှမ်းစုရွာများ၌ ထွက်ရှိသော ငှက်ပျောသီးများကို ပြည်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေး၊ မြို့သစ်ဈေး၊ အောင်မင်္ဂလာဈေးတို့တွင် ရောင်းလည်းရောင်းချပြီး ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့နှင့် နေပြည်တော်စသည့် မြို့ကြီးများသို့လည်း တင်ပို့ရောင်းချရပါသည်။ ရခိုင်ငှက်ပျောပင်များမှာ အသီးအမှည့်စားသုံးရုံတင်မကဘဲ မုန့်ဟင်းခါးချက်ပြုတ်ရာတွင် ငှက်ပျောအူများထည့်၍ အသုံးပြုကြောင်းသိရှိရပါသည်။ ရခိုင်ငှက်ပျောပင်မှ ထွက်ရှိလာသည့် ငှက်ပျောဖူးမှာလည်း ကောက်ညှင်းဆန်မှုန့်ဖြင့် ရောနှောအရသာထည့်သွင်းပြီး ရှမ်းဟင်းထုတ်အမည်ဖြင့်မုန်ထုတ်ကြီး အစာပြေသရေစာအဖြစ် စားသောက်ကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)