Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် GAVI-The Vaccine Alliance အဖွဲ့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၄

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် GAVI-The Vaccine Alliance အဖွဲ့ရုံးမှ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ Mr. Thabani Maphosa ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် GAVI-The Vaccine Alliance၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့အနေဖြင့် ဝန်ကြီးဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အနှောင်အဖွဲ့ကင်းမဲ့သည့် မည်သည့်အကူအညီမျိုးကိုမဆို လက်ခံကြိုဆိုမည်ဖြစ်ကြောင်း၊ ယင်းအကူအညီများကိုလည်း မိမိတို့ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အကျိုးရှိရှိအသုံးပြု သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

GAVI-The Vaccine Alliance ၊ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ Mr.Thabani Maphosa မှ ပြန်လည်ဆွေးနွေးရာတွင် ဝေးလံခက်ခဲသော ဒေသများတွင် အသုံးပြုရန် တစ်ကြိမ်သာ ထိုးနှံရန်လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် လိုအပ်သည့် ကာကွယ်ဆေးများအား ဆက်လက်ထောက်ပံ့ရေးနှင့် UNICEF နှင့် WHO တို့မှလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ ကာကွယ်ဆေးထိုးလုပ်ငန်း များအား ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ထို့အတူ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးစီမံချက်မှ တာဝန်ရှိသူများသည် ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ GAVI-The Vaccine Alliance၊ WHOUNICEF မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ၏ ပုံမှန်တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ တွေ့ကြုံလာနိုင်သည့် လိုအပ်ချက်များကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်