နေပြည်တော် ဩဂုတ် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ၆ လတာကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားပြီး ဝန်ကြီးဌာနနှင့် ပတ်သက်သော ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနဆိုင်ရာ အချက်အလက်များကိုတင်ပြပြီး ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ဗဟိုလေ့ကျင့်ကျောင်း ကျောင်းအုပ်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများ၊ မိုးရာသီသစ်ပင် စိုက်ပျိုးထားရှိမှု၊ ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် စိုက်ပျိုး/ မွေးမြူထားရှိမှု၊ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်မှု အခြေအနေနှင့် အထွေထွေကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစည်းအဝေး ပထမနေ့ကို ညနေပိုင်းတွင် ရုတ်သိမ်းလိုက်သည်။
အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနဆိုင်ရာ အချက်အလက်များကိုတင်ပြပြီး ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးမှ ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ မတ်လအထိ ၆ လ ဘဏ္ဍာရေးကာလအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးမှုဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လွှဲပြောင်းပေးအပ်ခဲ့သည့် လမ်းများနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ်ဖြိုးသန့်တို့က ၆ လပတ်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် အားသာချက်၊ အားနည်းချက်များနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများအား ဖြည့်စွက်ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်