နေပြည်တော် ဩဂုတ် ၂၃
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစားသောက်ရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့်ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ဩဂုတ် ၂၂ ရက်နှင့် ယနေ့နံနက်ပိုင်းတို့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လင်းခေးမြို့ ယာယီပျံကျဈေးအနီး၌လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်ကွက် ကမ်းနားအောက်လမ်း ၂၂ လမ်းနှင့် ၂၆ လမ်းကြားရှိ သီရိမာလာဈေး အရှေ့၌လည်းကောင်း တပ်မတော်သားမိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး စသည့် ရာသီသီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်