Skip to main content

လယ်ဝေးမြို့နယ်ရှိ မသန်စွမ်းလူငယ်များအား အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၃

မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းလူငယ်များ၏အခွင့်အရေးကို ကာကွယ်ရေး၊ မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်ရေးနှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်စေနိုင်ရန် ရည်ရွယ်၍ မသန်စွမ်းလူငယ်များအား အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင်နေပြည်တော် လယ်ဝေးမြို့နယ် Training Centre(2) ၌ ကျင်းပသည်။

ရှင်းလင်းပြောကြား

ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်က နိုင်ငံတော်၏ အနာဂတ်သည် ယနေ့လူငယ်များအပေါ် များစွာမူတည်ပါကြောင်း၊ လက်ရှိလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အသိဉာဏ်ပညာပြည့်စုံမှ နိုင်ငံတော်သည်နောင်တစ်ချိန် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနမှ အာဆီယံလူငယ်များနှင့်ချိတ်ဆက်၍ ဆောင်ရွက်နေရသည့်လုပ်ငန်း တာဝန်များထဲမှ မသန်စွမ်းလူငယ်များ ပါဝင်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ လူငယ်ရေးရာဦးစီးဌာနမှ မသန်စွမ်းလူငယ်များ လုပ်ငန်းအပေါ်ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်လူငယ်ရေးရာကော်မတီများဖွဲ့စည်းရာတွင် မသန်စွမ်းလူငယ်ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက နေပြည်တော် မြို့နယ်ရှစ်မြို့နယ်၌ မသန်စွမ်းလူငယ်များ အားကစားလေ့ကျင့်သင်ကြားနိုင်ရေးနှင့်ပတ်သက်၍ မြို့နယ်အသီးသီးရှိ အားကစားကွင်း/ရုံများ အသုံးပြုနိုင်ရေးကိစ္စရပ်များ၊ မသန်စွမ်းအားကစားနည်းအလိုက် နည်းပြ/နည်းစနစ် ရရှိနိုင်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန မသန်စွမ်းလူငယ်ရေးရာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသော မသန်စွမ်းလူငယ်များကိုယ်စား နေပြည်တော်မသန်စွမ်းအသင်းချုပ်ဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းက မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်