နေပြည်တော် ဩဂုတ် ၂၃
စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများ (မူကြမ်း)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာ၌ မူပိုင်ခွင့်ကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူပိုင်ခွင့်ဆိုင်ရာဥပဒေများဖြစ်သည့် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်များကို အကာအကွယ်ပေး ရန်ရည်ရွယ်ချက်များဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေအရ စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းအား လက်ခံဆောင်ရွက်နိုင်ရန်နှင့်စပ်လျဉ်း၍ လိုအပ်သည့်နည်းဥပဒေ(မူကြမ်း)ကို ပြုစုရေး ဆွဲခဲ့ပြီးဖြစ်ပါကြောင်း။
စာပေနှင့် အနုပညာလက်ရာများ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေကို ရေးဆွဲအတည်ပြုပြီး စာပေနှင့်အနုပညာ မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် စာပေနှင့်အနုပညာဆိုင်ရာဖန်တီးထုတ် လုပ်မှုများတိုးတက်လာခြင်း၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်များ၏ အခွင့်အရေးများကို ပိုမိုထိရောက်စွာ အကာအကွယ်ပေးနိုင်ခြင်း၊ မူပိုင်ခွင့်ချိုးဖောက်မှုများကို အကာအကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံတို့က စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများ (မူကြမ်း)နှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တောင်းခံရရှိခဲ့မှု၊ ပြင်ဆင်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ဖိတ်ကြားထားသည့်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ အစိုးရမဟုတ်သောအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်