နေပြည်တော် ဩဂုတ် ၂၃
မြန်မာနိုင်ငံသည် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၇ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကိုအတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုများကိုသာမက နိုင်ငံတော်ဆုံးရှုံးနစ်နာမှုများကို အရေးယူနိုင်ရန် ၂၀၁၈ ခုနှစ်၊ ဇွန် ၂၁ ရက်တွင် စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေ၌ “မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ပိုင်ဆိုင်မှုကိုတောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်းပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့်သက်ဆိုင်မှုရှိသော သဘောတူစာချုပ်တစ်ခုတွင်ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်း” ဟု ဖြည့်စွက်အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကာ နစ်နာဆုံးရှုံးစေခြင်းများ ဖြစ်ပေါ်ပါက ပုဒ်မ ၃(က)(၂) ဖြင့် အရေးယူဆောင်ရွက်ခဲ့သည်။
ပြီးခဲ့သည့်အစိုးရလက်ထက်တွင် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ကျော်ဇောသတင်းများရှိခဲ့သော်လည်း စိစစ်ဖော်ထုတ်အရေးယူမှု အားနည်းခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ(၃၁)ရက်အထိ နိုင်ငံတော်နစ်နာဆုံးရှုံးမှုဖြင့် တရားစွဲဆိုဆောင်ရွက်ခဲ့သည့် အမှု ၃ မှုသာရှိခဲ့ပြီး မြန်မာငွေကျပ်သန်း ၂၀ နှင့် ယူရိုငွေ ၂၅၅၉၃၀ ဒသမ ၆၉ နစ်နာ ဆုံးရှုံးခဲ့မှုကိုသာ ဖော်ထုတ်အရေးယူနိုင်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို ရယူပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင် (၃၁) ရက်အထိ အဂတိလိုက်စားခဲ့မှုများကို တိုင်တန်းမှုများအရ စိစစ်ဖော်ထုတ်ပြီး တရားစွဲတင်ပို့ခဲ့သည့် ရာဇဝတ်ကြီးမှု ၁၈၆ မှုနှင့် ရာဇဝတ်အထွေထွေမှု ၄၅ မှုရှိသည့်အနက် ယခင်ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများမှ နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့သူများ၊ လုပ်ပိုင်ခွင့်ရှိသူများသည် အဂတိလိုက်စားမှုတွင် အကျုံးဝင်သည့် အစိုးရစီမံကိန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်ခြင်း၊ နိုင်ငံတော်နှင့်ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ပါ စည်းကမ်းချက်များကို လိုက်နာမှုမရှိခြင်း၊ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်း၊ အမိန့်ညွှန်ကြားချက်များကို မလိုက်နာခြင်း၊ မိမိကိုယ်ကျိုးစီးပွားရှာခြင်း၊ နိုင်ငံတော်၏ မြေယာပိုင်ဆိုင်မှုများကို အလွဲသုံးစားပြုလုပ်ခြင်းတို့ကြောင့် နိုင်ငံတော်ဘဏ္ဍာ နစ်နာဆုံးရှုံးစေခဲ့သည့်အမှု ၁၀၈ မှုရှိကာ နိုင်ငံတော်အနေဖြင့် မြန်မာငွေကျပ် သန်းပေါင်း၂၅၉,၆၇၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၃၃၂၆၇၄၆ တို့ကို နစ်နာ ဆုံးရှုံးခဲ့သည်။
နိုင်ငံတော်ဘဏ္ဍာ နစ်နာဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည့် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးခြင်း၊ အများပြည်သူအကျိုးစီးပွားအတွက် ဘဏ္ဍာငွေခွဲဝေချထားရာတွင် ထိရောက်မှန်ကန်မှုမရှိခြင်း၊ သဘာဝသယံဇာတများ လေလွင့်ဆုံးရှုံးခြင်း၊ မြေယာများ ဖော်ထုတ်စီမံခန့်ခွဲရာတွင် ထိရောက်အကျိုးရှိစွာ အသုံးမပြုနိုင်ခြင်း၊ ပြည်သူများရသင့်သော အခြေခံအခွင့်အရေးများ နစ်နာဆုံးရှုံးခြင်း၊ ဒေသတွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား အဟန့်အတားဖြစ်စေခြင်းတို့ကြောင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် အဖက်ဖက်မှ ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။
(သတင်းစဉ်)