Skip to main content

Asia Pacific Joint Group (AP JG) မျက်နှာစုံညီ အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၂၃ 

အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – AP JG) ၏ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်ခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်ချက်များ ဆွေးနွေးခြင်းဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF)နှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(Asia Pacific Group-APG) အတွင်းရေးမှူးအဖွဲ့မှ ပုဂ္ဂိုလ်များနှင့် AP JG အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ ဥပဒေရေးရာဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် AP JG အဖွဲ့၏ Co chair ဖြစ်သူ အိန္ဒိယနိုင်ငံသား Mr. Yogpal Singh နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က အဖွင့်အမှာစကားများပြောကြားသည်။ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများအား ဆွေးနွေးပြောကြားရာတွင် ငွေကြေးခဝါချမှုနှင့်ပတ်သက်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များအား အထောက်အထားများကို အခြေခံ၍ စနစ်တကျချဉ်းကပ်ဆောင်ရွက်ခြင်း၊ ဆုံးရှုံးနိုင်ခြေအန္တရာယ်များလျော့ပါးစေရန် ဆောင်ရွက်ခြင်း၊ အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ကုမ္ပဏီအဖွဲ့အစည်းများအပေါ် အပြည့်အဝအရေးယူနိုင်သည့် ကြီးကြပ်ရေးအာဏာပိုင်အသစ်များ ပြောင်းလဲပြင်ဆင်ခန့်အပ်၍ ကြီးကြပ်သည့်လုပ်ငန်းများ စနစ်တကျချဉ်းကပ်ဆောင်ရွက်ခြင်း၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စုံစမ်းစစ်ဆေးခြင်း၊ သိမ်းဆည်းခြင်းတို့တွင် ပြည့်စုံစွာဖော်ပြနိုင်ရေးဆောင်ရွက်ခြင်း၊ ပစ္စည်းများစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီက မူကြမ်းရေးဆွဲခြင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များနှင့်အညီ လူအများအပြားသေကျေစေသော လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်သက်ဆိုင်သည့် အသိပညာပေးရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများနှင့် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လိုက်နာမှုကို ကွင်းဆင်းစစ်ဆေးခြင်းစသည့် ကိစ္စရပ်များအား နှစ်ဖက်အပြန်အလှန် ဆွေးနွေးကြသည်။

မြန်မာဘက်အနေဖြင့် FATF မှ အကြံပြုထားသည့် Action Plan ပါအားနည်းချက်များကို ပြည့်စုံစွာ ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်၍ ကြီးမားစွာလိုက်နာဆောင်ရွက်မှုအဆင့်သို့ တိုးမြှင့် ပေးစေလိုကြောင်း AP JG အဖွဲ့သို့ တောင်းဆိုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)