Skip to main content

၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်တော် သြဂုတ် ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။

အဆိုပါ ဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်ကလေးဖြစ်သည်။

အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက်(၁)လသားအရွယ်တွင် အရပ်အမြင့် ၂ ပေ ၆ လက်မခွဲ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ၂၀၂ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်ကလေးမှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန်  Human and Friendly စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)