Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဩဂုတ် ၂၃

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဓာတ်မြေဩဇာများ ပြည်ပမှတင်သွင်းနိုင်ရေးအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ကို ထောက်ခံ‌ ပေးလျက်ရှိပြီး မေ ၁၁ ရက်မှ ဩဂုတ် ၁၂ ရက်အထိ ယူရီးယား တန်ချိန် ၃၄၉,၀၅၅ တန်နှင့် ကွန်ပေါင်းတန်ချိန် ၄၇၅,၂၁၅ တန်တို့ကို ထောက်ခံပေးထားပြီးဖြစ်ပါကြောင်း၊ တင်သွင်းပြီးတန်ချိန် ၁၇၇,၀၀၀ ခန့်ရှိပြီး ဖြန့်ဖြူးရောင်းချမှုအနေဖြင့် တန်ချိန် ၁၁၅,၀၀၀ ခန့်‌ ရောင်းချပြီးဖြစ်ပါကြောင်းနှင့် တင်သွင်းရန်ကျန်ရှိနေသောမြေဩဇာများအား အချိန်မီတင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ထို့ပြင် အကျိုးတူလယ်ယာစနစ် (Contract Farming) စနစ်ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစိုက်တောင်သူများ၊ နေကြာနှင့် အခြားသီးနှံစိုက်ပျိုးသော တောင်သူများအား သွင်းအားစုများ ပံ့ပိုးပေးနိုင်ရန်အတွက် လိုအပ်မှုနှင့် လက်ရှိအခြေအနေ၊ ထပ်မံဝယ်ယူရမည့် တန်ချိန်များကိုတွက်ချက်ပြီး လက်ဝယ်ရောက်ရှိသင့်သည့်ကာလနှင့် အချိန်ကိုက်ဖြစ်စေရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊

နွေစပါးနှင့် ဆောင်းသီးနှံအတွက် လိုအပ်သောဓာတ်မြေဩဇာများ အမြန်တင်သွင်းနိုင်ရန်နှင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သတ်မှတ်ချိန်အမီသုံးစွဲနိုင်ရန်၊ နေကြာစိုက်တောင်သူများကို လာမည့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ပံ့ပိုးပေးနိုင်ရန်တို့အတွက် ဆောင်ရွက်မည့်အစီအစဉ်များ ပြန်လည်ဆွေးနွေးတင်ပြပေးရန်နှင့် ဦးဆောင်ကော်မတီ၏ အဓိကရည်ရွယ်ချက်မှာ ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံခြားငွေဝယ်ယူခွင့်ရရှိရေး မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သက်ဆိုင်ရာဝန်ကြီးဌာနက ဆွေးနွေးပေးနိုင်ရန်နှင့် လိုအပ်သည်များရှိပါက ဦးဆောင်ကော်မတီသို့ အချိန်မီတင်ပြပေးကြရန် ပြောကြားသည်။

ထို့နောက် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၊ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် Consortium အဖွဲ့တာဝန်ရှိသူတစ်ဦးတို့က ဦးဆောင်ကော်မတီ၏ စိစစ်ထောက်ခံချက်များအရ နိုင်ငံခြားသုံးငွေဝယ်ယူရရှိမှု၊ သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက်ရှိမှု၊ ဖြန့်ဖြူးရောင်းချပြီးစီးမှု၊ ရောင်းချဈေးနှုန်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းဆိုင်ရာများ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)