Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှအဆက်)

People News Agency မှ ဦးကျော်စိုးဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်တွင် တစ်နိုင်ငံလုံး၌ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများက စပေါ်ငွေသိန်းတစ်ထောင် တင်ရမည်၊ ပါတီငယ်များ သိန်းတစ်ရာတင်ရမည်ဆိုသည့် ကောလာဟလများက နိုင်ငံရေးပါတီများတွင် ပျံ့နှံ့နေပါကြောင်း၊ အဆိုပါအခြေအနေနှင့် ပတ်သက်ပြီး ရှင်းပြပေးစေ လိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီတစ်ခုသည် အမှန် တကယ် အရွေးခံရပါက နိုင်ငံတော်ကို တာဝန်ယူမည့်၊ နိုင်ငံတော်ကို အုပ်ချုပ်မည့်၊ နိုင်ငံကို ခေါင်းဆောင်မည့် ပါတီဖြစ်ပါကြောင်း၊ ပါတီတစ်ခု အနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုတွင် စည်းရုံး မည့် ပါတီဟုရှိပြီး ထိုက်သင့်သည့် လူအင်အား၊ ထိုက်သင့်သည့် ငွေကြေးအင်အား၊ ထိုက်သင့်သည့် ရုံးခန်းများ၊ ထိုက်သင့်သည့် ပါဝင်ယှဉ်ပြိုင်နိုင်မှု ရှိရမည်ဖြစ်သည့်အတွက် ထိုက်သင့်သည့်အတိုင်း သတ်မှတ်ရေးဆွဲထားပါကြောင်း၊ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို သီးခြား တင်ရခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် အာမခံဝင်ခွင့်ကို တင်ရမည် ဖြစ်ကြောင်း၊ ယခင်ကလည်း တင်ရပါကြောင်း၊ ပါတီကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် တင်ပေးနိုင်သည့် ငွေပမာဏဖြစ်ပါကြောင်း ဖြေကြားသည်။

တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက လဝကမှ ပုံစံ(၆၆/၆)ကို ကွန်ပျူတာ Software ဖြင့် ထည့်နေခြင်းများရှိကြောင်း၊ လဝက လုပ်ငန်းစဉ်ဖြစ်သည့် မှတ်ပုံတင်ထုတ်ပေးရေးကိုလည်း ကြိုးစားနေကြရကြောင်း၊ ဝန်ထမ်းအင်အားလည်း လုံလောက်မှုမရှိပါကြောင်း၊ လက်ရှိ UEC တွင် ငုတ်တုတ်ထိုင်နေရသည့် ဝန်ထမ်းများ တွေ့ရပါကြောင်း၊ Software ထည့်သည့်နေရာတွင် လဝက စာရင်းကို အခြေခံယူခြင်းဖြစ်သည့်အတွက် လက်ရှိငုတ်တုတ်ထိုင်နေသည့် ဝန်ထမ်းများ လဝကကို သွားရောက်အကူအညီပေးရန်အစီအစဉ် ရှိ / မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက UEC အနေဖြင့် အခြေခံမဲဆန္ဒရှင် စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း (Pilot Project)ကို မိမိတို့ ပထမဆုံးလုပ်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ ပုံစံ(၆၆/၆)ရိုက်သည့် Project မတိုင်မီ ၂၀၂၁ ခုနှစ် ကတည်းက ပုံစံ(၆၆/၆) ရိုက်ခဲ့သည်မှာ ပြီးခဲ့သည့် နှစ်က ပြီးပြီဖြစ်ကြောင်း၊ ပြီးမှသာ မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ယခုလည်း လုပ်ငန်းစဉ်အားလုံး ပြီးပြီဖြစ်ကြောင်း၊ မိမိတို့တွေ့သည့် စာရင်းချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းချုပ်ပြီး ထွေအုပ်နှင့် လဝကတို့၏ စာရင်းနှစ်ခုအပေါ်တွင် မြေပြင်အခြေ အနေပေါ်တွင် တွေ့ရသည့် အခြေအနေကို သက်ဆိုင်ရာ ထွေအုပ်ကလည်း ထွေအုပ်စစ်ဆေး ရမည့်အပိုင်း၊ လဝကကလည်း လဝက စစ်ဆေးရ မည့် အပိုင်းကို မိမိတို့ ပေးပြီးဖြစ်ပါကြောင်း၊ ယခု Update လုပ်ရသည့် လုပ်ငန်းစဉ်ကို ရောက်နေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် သတင်းထောက်ကြီး မေးသည့် လုပ်ငန်းစဉ် မရှိတော့ပါကြောင်း၊ လဝက အနေဖြင့်လည်း မိမိလုပ်ငန်းစဉ်ကို ဆောင်ရွက်၍ ရပါကြောင်း၊ မိမိတို့ပေးလိုက်သည့် စာရင်းချုပ်များ အပေါ်တွင် မူတည်ပြီး feedback ရပါက မိမိတို့က Update လုပ်ပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

တဲ့ပြောသတင်းဌာနမှ ဦးဇော်မင်းဦးက မိမိတို့ သတင်းမီဒီယာသည် ကျင့်ဝတ်များရှိပါကြောင်း၊ ကျင့်ဝတ်အရ ပါတီတစ်ခုသော်လည်းကောင်း၊ လူတစ်ဦးတစ်ယောက်ကိုလည်းကောင်း၊ အဖွဲ့အစည်း တစ်ခုကိုလည်းကောင်း မိမိတို့အနေဖြင့် အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်ရပါကြောင်း၊ စောင့်ကြည့်လာသည်မှာ (၉)ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲမှစပြီး သတင်းမီဒီယာ အသီးသီးမှ NLD ပါတီကို အရေးယူရန် အစီအစဉ် ရှိ/မရှိ မေးလာခဲ့ပါကြောင်း၊ ယခု ၈၅ ပါတီစစ်ပြီး ၇ ပါတီ ကျန်သည်ဟု ပြောပါကြောင်း၊ NLD ပါတီက လာရောက်ငွေစာရင်းအစစ်မခံသည်မှာ ၃ လကျော် ပြီဖြစ်ကြောင်း၊ ကျန်သည့်ပါတီကို အရေးယူသည့် ရွေးကောက်ပွဲကော်မရှင်က ပြောသည်ကို တွေ့ရပါကြောင်း၊ ပထမပိုင်းတွင် အမျိုးသား ရင်ကြားစေ့ရေး ဆိုပြီး သတင်းမီဒီယာများက စောင့်ကြည့်ခဲ့ပါကြောင်း၊ ယခုအခါ ရွေးကောက်ပွဲ ကျင်းပရန်လည်း တစ်နှစ်ခန့်သာရှိတော့ကြောင်း၊ တချို့ပါတီကြီး၊ ပါတီငယ်များက မိတ်ဖက်ပါတီများ ဖွဲ့ထားခြင်းရှိပါကြောင်း၊ မည်သို့လုပ်မည်ဆိုသည့် မိတ်ဖက်ပါတီ များ ဆွေးနွေးရမည့် အခန်းများလည်းရှိပါကြောင်း၊ အင်အားကြီးပါတီဟု ပြောဆိုနေကြသည့် NLD ပါတီနှင့် SNLD ပါတီတို့က လာရောက် အစစ်ဆေးလည်း မခံ၊ ယင်းတို့ကို အရေးယူ/ မယူကို ကျန်သည့် တိုင်းရင်းသားပါတီနှင့် ပါတီငယ်များက ဒွိဟဖြစ်နေ ကြပါကြောင်း၊ မိမိမေးလိုသည်မှာ NLD ပါတီနှင့် SNLD ပါတီက ၃ လကျော်ကြာသည့်အထိ ငွေစာရင် စစ်မခံသည်ကို အရေးယူမှုမရှိသည့်အတွက် သီးခြားကင်းလွတ်ခွင့်ဥပဒေ ပြဋ္ဌာန်းသလားဟု သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဥပဒေသီးခြားမရှိပါကြောင်း၊ သတ်မှတ်ထားသည့် ဥပဒေသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ဥပဒေ၊ နည်းဥပဒေများရှိပါကြောင်း၊ ယင်းဥပဒေနှင့်အညီ ဆောင် ရွက်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တစ်နှစ်တာကာလအတွင်း ၈၀/၉၀ ရာခိုင်နှုန်း ပြီးပြီ ဟု ပြော၍ရပါကြောင်း၊ ၉၂ ပါတီတွင် ၈၅ ပါတီ ပြီးပြီဖြစ်ပြီး ၇ ပါတီကျန်ပါကြောင်း၊ ကျန်သည်များကို သတ်မှတ်ချက်အတိုင်း အကြောင်းကြားစာပို့တယ်၊ လက်ခံရရှိကြောင်းနှင့် သတ်မှတ်သည့်အချိန်ကို ချိန်းဆိုပါကြောင်း၊ ၂၄ ( က ) အရ အကြောင်းကြားပါကြောင်း၊ ပျက်ကွက်သည့် မြန်မာ့လူ့ဘောင်သစ် ပါတီကိုတစ်နှစ်ယာယီ ရပ်ဆိုင်ခြင်းများရှိကြောင်း၊ အလားတူ SNLD ပါတီသည် သတင်းထောက်ကြီး ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲကို မတက်ဖြစ်ခြင်းကြောင့် မသိခြင်းသာဖြစ်ပါကြောင်း၊ မိမိရှင်းပြခဲ့ပြီး ဖြစ်ပါကြောင်း၊ SNLD ပါတီကိုလည်း ၂၄(က) အရ ၃၁-၃-၂၀၂၂ တွင် ညွှန်ကြားခဲ့ပြီး ၃၀-၆-၂၀၂၂ ရက် တွင် နောက်ဆုံးထားပြီး အစစ်ဆေးခံရန် အကြောင်းကြားခဲ့ပါကြောင်း၊ သတ်မှတ်ရက် ဖြစ်သည့် ၃၀-၆-၂၀၂၂ ရက်မှ ၃-၇-၂၀၂၂ ရက် ကာလအထိ မိမိတို့ တောင်ကြီးမြို့တွင် စစ်ဆေးပြီး ဖြစ်ပါကြောင်း၊ SNLD ပါတီက စစ်ဆေးပြီးဖြစ်ပြီး သတင်းထောက်ကြီးမေးသည့်အထဲတွင် NLD ပါတီ ကျန်ပါကြောင်း၊ NLD ပါတီသည် အစစ်ဆေးခံမည့် ပုဂ္ဂိုလ်များကိုယ်တိုင် ဖမ်းဆီးခံရ၊ ထွက်ပြေးတိမ်းရှောင်၊ ဆက်သွယ်မရ ဖြစ်နေခြင်းကြောင့် ကြာနေခြင်းဖြစ်ကြောင်း၊ မစစ်ဆေးဘဲ အတည်မပြုဘဲ ဆောင်ရွက်၍ မရပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် အချိန်အတိုင်းအတာရှိသော်လည်း အချိန်ကန့်သတ်ချက်ထားခြင်း မရှိပါကြောင်း၊ ဆက်လက်စစ်ဆေးပြီး သက်ဆိုင်ရာ ဥပဒေ/ နည်း ဥပဒေနှင့် ငြိစွန်းပါက ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ တဲ့ပြောသတင်းဌာနမှ ဦးဇော်မင်းဦးက မန်းဝင်းခိုင်သန်းတို့နှင့် ကျန်သည့် NLD ပါတီက ထိပ်ပိုင်းခေါင်းဆောင်များကြောင့် မိမိတို့ နိုင်ငံယခုကဲ့သို့ ရင်ဆိုင်နေရပါကြောင်း၊ တိုင်းရင်းသားပြည်သူများ အလုပ်အကိုင် မရှိပါကြောင်း၊ ၎င်းတို့သည် နိုင်ငံခြားအမှီအခိုရှိပါကြောင်း၊ ပါတီ တစ်ခု ပါတီဝင်တစ်ဦးသည် နိုင်ငံခြားအမှီအခို ကင်းရမည်ဟု ဥပဒေတွင် အတိအလင်းပြဋ္ဌာန်း ထားပါကြောင်း၊ ယခု ၎င်းတို့သည် နိုင်ငံခြားကို မှီခိုနေပါကြောင်း၊ အဆိုပါအချက်အလက်များကို မိမိတို့ပေးစရာ မလိုတော့ပါကြောင်း၊ လက်ရှိ ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုအစိုးရနှင့် နိုင်ငံသားအားလုံးလည်း သိပါကြောင်း၊ ယင်းကဲ့သို့ ရှိနေပါသော်လည်း အဘယ်ကြောင့် အရေးမယူသည်၊ မည်သည့်အချိန်တွင် အရေးယူမည်ကို တိတိကျကျ သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး မေးမြန်းမှုကို ယခင်ကလည်း မေးမြန်းခဲ့ကာ ဖြေပြီးလည်းဖြစ်ပါကြောင်း၊ ယင်းသဘောကိုလည်း မိမိတို့သိပါ ကြောင်း၊ သို့သော်လည်း အတည်ပြုရန် လိုပါကြောင်း၊ အတည်ပြုရာတွင် လက်ရှိအချိန်တွင် ပါတီဝင် ဖြစ်/မဖြစ် မိမိတို့အတည် ပြုနိုင်ရန်လိုပါကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်တွင် အတည်ပြုပြီးမှသာ မိမိတို့ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းသည် ပါတီဝင် ဟုတ်၊ မဟုတ် မိမိတို့ ဆုံးဖြတ်စရာ အကြောင်းရှိလာပါကြောင်း၊ မိမိတို့အနေဖြင့် ပါတီတစ်ခုကို ဖျက်သိမ်းသည်ဆိုရာတွင် ကော်မရှင်စုံညီအစည်းအဝေးက ဆုံးဖြတ်မည်ဖြစ်ပြီး ယခုအချိန်ထိ ကြိုတင်ဆုံးဖြတ်ထားခြင်း မရှိပါကြောင်း၊ သို့သော်လည်း အားလုံး၏ ဖြစ်ပေါ်တိုးတက်မှု အနေအထားများပေါ်တွင် မူတည်ပြီး ဥပဒေနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ UEC အနေဖြင့် ဥပဒေ/ နည်းဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတိုးတက်အောင် ရည်ရွယ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖြေကြားသည်။

One News သတင်းဌာနမှ ဦးသွင်ထူးအောင်က UEC က နိုင်ငံရေးပါတီများကို ပြည်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် တွေ့မည်ဆိုပါက ကြိုတင်ခွင့်ပြုချက် တောင်းခံပြီးမှ တွေ့ရမည်ဆိုသည့် ညွှန်ကြားချက်ကို အဘယ်ကြောင့် ထုတ်ပြန်ရသည်၊ ညွှန်ကြားရသည်ကို သိလိုပါကြောင်း၊ အဆိုပါ ညွှန်ကြားချက်ကို နိုင်ငံရေးပါတီများဘက်ကလည်း ကန့်ကွက်မှုများ ရှိပါကြောင်း၊ ညွှန်ကြားချက်နှင့် ပတ်သက်ပြီး မည်သို့ဆက်လုပ်မည်၊ UEC ကပါတီများကို ယခုကဲ့သို့ ကန့်သတ်ခြင်းသည် ရွေးကောက်ပွဲဥပဒေ၏ မည်သည့်ပုဒ်မနှင့်အညီ ညွှန်ကြားချက် ထုတ်ပြန်သည်၊ အခြေခံဥပဒေနှင့် ကြည့်ပါက မည်ကဲ့သို့ ညီညွတ်မှုရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက UEC အနေဖြင့် နိုင်ငံရေးပါတီများ ကို ဩဂုတ် ၁၁ ရက်က ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပါကြောင်း၊ နိုင်ငံရေးပါတီအားလုံးကို ဖြစ်ပါကြောင်း၊

အကြောင်းအရာမှာ နိုင်ငံခြားအဖွဲ့ အစည်းများနှင့် ပါတီများတွေ့ဆုံသည့်ကိစ္စနှင့် ပတ်သက်ပြီး အကြောင်းကြားခြင်း ဖြစ်ပါကြောင်း၊ ဦးစွာရှင်းရှင်း လင်းလင်းပြောလိုသည်မှာ နိုင်ငံရေးပါတီများက နိုင်ငံခြားအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် မတွေ့ရဟု ပြောခြင်းမဟုတ်ပါကြောင်း၊ သို့သော်လည်း စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရန် ဖြစ်ကြောင်းကို ကနဦး ပြောလိုပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၉ နိုင်ငံရေးပါတီများ အခန်း (၁၀) ၏ နောက်ဆုံးပုဒ်မတွင် နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ ဥပဒေ/နည်းဥပဒေ ထုတ်ပြန်ရမည်ဟု ပြဋ္ဌာန်းချက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥပဒေအခန်း ၄၊ ကော်မရှင်၏ တာဝန် နှင့် လုပ်ပိုင်ခွင့်များ ပုဒ်မ ၁၀ (ဌ)တွင် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်းနှင့် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်းသည် မိမိတို့ ကော်မရှင်၏တာဝန်ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေနှင့်အတူ နိုင်ငံရေးပါတီကို ကြီးကြပ်ရမည်၊ အလားတူ ကော်မရှင်က ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ကြီးကြပ်စေနိုင်သည်ဟု ရှိပါကြောင်း၊ ယင်းသည် ကော်မရှင်ဥပဒေ ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၃ တွင် ပြဋ္ဌာန်းထားခြင်း ရှိပါကြောင်း၊ ကော်မရှင်သည် ပါတီများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်နိုင်သည်ဟု ဆိုထားပါကြောင်း။

တည်ဆဲဥပဒေတွင် ပြဋ္ဌာန်းထားသည်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆(စ)၊ ပုဒ်မ ၄၀၇ နှင့် ပုဒ်မ ၄၀၈ တို့အရ နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏အစိုးရ၊ ဘာသာရေးအဖွဲ့အစည်း၊ အခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေးအထောက်အပံ့ပစ္စည်းများကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူခြင်း၊ ဩဇာခံယူခြင်းများ ပြုလုပ်ပါက ပယ်ဖျက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားတိုင်းပြည်၏အစိုးရ၊ ဘာသာရေးအဖွဲ့ အစည်း၊ အခြားအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တို့၏ ငွေကြေးပစ္စည်း အထောက်အပံ့တစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူခြင်း၊ ဩဇာခံခြင်း၊ အဆိုပါ ပြဋ္ဌာန်းချက်သည် သိမ်မွေ့နူးညံ့ပြည့်စုံပါကြောင်း၊ ထိုအချက်အလက်များနှင့် ငြိစွန်းလာနိုင်သည့်ကိစ္စများ ဖြစ်နေသဖြင့် ကော်မရှင်က ယင်းဥပဒေနှင့်အညီ ကြပ်မတ်ညွှန်ကြားရန်အတွက် ဥပဒေနှင့်အညီ ထုတ်ပြန်ခြင်းဖြစ်ပါကြောင်း၊ ယင်းကိစ္စများ ဆောင်ရွက်နိုင်ရန်အလို့ငှာ ကြီးကြပ်နိုင်ရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဥပဒေ၊ နည်းပဒေများနှင့် ကိုက်ညီသည့် ညွှန်ကြားချက် ဖြစ်ပါကြောင်း၊ မတွေ့ရဟု မဆိုလိုဘဲ ကြိုတင်အသိ ပေးပြီး ခွင့်ပြုချက်အရ ဆောင်ရွက်ရန် ၊ ကော်မရှင်ကလည်း စိစစ်ပြီး သင့်တော်သည့် အစီအစဉ်ဖြင့် ခွင့်ပြုပေးမည်ဟု ပါရှိပါကြောင်း၊ အဘယ်ကြောင့် လုပ်ရသည်ကို သာဓကဖြင့် ပြောရမည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ဒေါ်လာ ၄၆ သန်း ရွေးကောက်ပွဲအတွက် ကူညီထောက်ပံ့သည်ဟူ၍ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်များ ရှိပါကြောင်း၊ မိမိတို့ ကော်မရှင်က မသိပါကြောင်း၊ တချို့ရသော်လည်း တချို့မရသည့် အပိုင်း များရှိပါကြောင်း။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ UEC အသစ်ရောက်ရှိ ချိန်တွင် IRI က ငွေလွှဲပေးကြောင်း၊ မိမိတို့ နိုင်ငံ ဘဏ်ကို ရောက်ရှိပါကြောင်း၊ ပါတီများနှင့် သက်ဆိုင်သည်က UEC ဖြစ်သည့်အတွက် UECကို ငွေထုတ်ပေးရမည်လားဟု မေးခဲ့သည်များ ရှိခဲ့ပါကြောင်း၊ ပါတီများကို ထောက်ပံ့ခြင်းသည်လည်း မည်သည့်ပါတီကို ထောက်ပံ့သည် မပါရှိခြင်း၊ ပါတီကလည်း အထောက်အပံ့များရယူပါက အထက်ပါ ဥပဒေများနှင့်လည်း ငြိစွန်းနိုင်သည့်အတွက် မိမိတို့ Recommend မပေးခဲ့ပါကြောင်း၊ ယင်းဖြစ်စဉ် ဖြစ်ရပ်များ ရှိခဲ့ကြောင်း၊ လိုအပ်ချက်အရ တွေ့သည့် နေရာတွင် တွေ့ဆုံမှုအရ ပါတီ ၈၀ ရှိလျှင် ၈၀ လုံး ဖြင့် တွေ့ခြင်းမဟုတ်ပါကြောင်း၊ ပါတီ ၃/၄ ပါတီနှင့်သာ တွေ့သည့်အတွက် ယင်းပါတီများသည် အထက်ပါပြဋ္ဌာန်းချက်များနှင့် ငြိစွန်းဖွယ်ရာ အကြောင်းခြင်းရာများကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယင်းကိစ္စများကို မျှော်ကိုးပြီး နိုင်ငံရေးပါတီများအတွက် Save ဖြစ်ရန်၊ ပိုပြီး စနစ် တကျဖြစ်ရန်၊ နိုင်ငံတော်အတွက်လည်း ဥပဒေ/ နည်းဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဖြစ်ရန်၊ ကော်မရှင်အနေဖြင့် စနစ်တကျကြီးကြပ် ဆောင်ရွက်နိုင်ရန် ယင်းညွှန်ကြားချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖြေကြားသည်။

သူရိယနေဝန်းသတင်းဂျာနယ်မှ CEO ဦးမိုးဟိန်းက မိမိအနေဖြင့် အပိုင်း (၃)ပိုင်းဖြင့် မေးလိုကြောင်း၊ ပထမဆုံးမေးလိုသည်မှာ PDF အပါအဝင် မြန်မာလူငယ်ထုကြီးတစ်ရပ်လုံးနှင့် ပတ်သက်၍ မေးလိုကြောင်း၊ ထိုသို့ဆိုရာတွင် PDF အားလုံးကို မိမိမဆိုလိုဘဲ PDF အသုံးချခံလူငယ်များ မှာ လူတစ်ရာတွင် သုံးယောက်ခန့်သာရှိကြောင်း၊ ကျန်ရှိသည့် ၉၇ ယောက်ခန့်သောလူငယ်များမှာ ရန်ကုန်၊ မန္တလေး၊ စင်ကာပူ၊ ထိုင်းမြေပေါ်တွင် အခြေအနေအားလုံးကို စောင့်ကြည့်နေကြောင်း၊ မြန်မာလူငယ်များ မည်သို့ ဆက်လက်လုပ်ဆောင် ရမည်ဆိုသည်ကို လမ်းပျောက်နေကြောင်း၊ PDF မှာ သုံးရာခိုင်နှုန်းထက် မပိုကြောင်း၊ မိမိအနေဖြင့် မြန်မာလူငယ်များကို Message ပေးလိုသည်မှာ ၁၉၈၈ အရေးတော်ပုံတွင် ကျောင်းသားလူငယ်၊ မြန်မာလူငယ်များကို NLD နှင့် ဒေါ်အောင်ဆန်း စုကြည်က မည်သို့အသုံးချခဲ့သည်ကို မိမိကိုယ်တွေ့ ဖြစ်ရပ်များကိုအခြေခံ၍ ဖွင့်ချပြောကြားလိုကြောင်း၊ ၈၈ အရေးတော်ပုံ ဖြစ်နေသည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ၏ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံကို ပြန်ရောက်လာသည့်အချိန် မိမိအပါအဝင်ကျောင်းသား များဆင်နွှဲနေသည့် ကျောင်းသားသပိတ်နှင့် ၈၈ အရေးတော်ပုံကြီးတို့ဖြင့် တည့်တည့်တိုးသွားပြီး မိမိတို့က ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင် တင်ခဲ့ကြောင်း၊ ထိုသို့ခေါင်းဆောင်အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်ခြင်း၊ ၎င်း၏ အရည်အချင်းရှိခြင်းတို့ကြောင့် မိမိတို့ ကျောင်းသား၊ ရဟန်းရှင်လူများက ဝိုင်းဝန်း တင်မြှောက်ခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီဆိုတာ ဖြစ်လာခဲ့ရကြောင်း။

ထိုအချိန်ကာလတွင် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်မှူးအောင်၊ ဗိုလ်ရဲထွဋ်၊ ဝိဓူရသခင်ချစ်မောင်၊ ဦးသုဝေတို့ရှိကြောင်း၊ တိုင်းပြည်၏အနာဂတ်ကို မျှော်မှန်းနိုင်သည့် ခေါင်းဆောင်များရှိပါလျက် ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သာလျှင် ကျောင်းသားများ ၏ခေါင်းဆောင်ဖြစ်သင့်သည်ဟု ယုံကြည်ကာ မိမိအပါအဝင်အားလုံးက ဝိုင်းဝန်းထမ်းတင်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပေါ်ပေါက်လာပြီး ၈၈ အရေးတော်ပုံနှင့် ဒီမိုကရေစီ တော်လှန်ရေးကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကမောင်ပိုင်စီးပြီး မိမိတို့အားလုံး မှေးမှိန်ပျောက်ကွယ်သွားကာ မိမိတို့အားလုံး အရှင်းခံခဲ့ရကြောင်း၊ ၎င်းတို့အစိုးရဖြစ်ချိန်တွင် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောကြားခဲ့သည်မှာ “အခုအချိန်ကျွန်မတို့ လိုနေတာက ပန်းပုဆရာတွေပါ။ သစ်ခုတ်သမား တွေ မလိုအပ်တော့ဘူး” ဟု ပြောခဲ့ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သူရိယနေဝန်းဂျာနယ်တွင် “သစ်ခုတ်သမားငခါး” ဆိုသည်နှင့် ဆောင်းပါးများစွာ ရေးသားခဲ့ကြောင်း၊ မိမိတို့ကို မည်သို့ အသုံးချခံခဲ့ရသည်ကို ပြောလိုကြောင်း။

၈၈ အရေးတော်ပုံဖြစ်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံရေးပါတီထူထောင်ခွင့် ပေးသည့်အချိန်တွင် NLD ပါတီသည် အကြီးဆုံးပါတီ ဖြစ်လာပြီး ဒုတိယအကြီးဆုံးပါတီမှာ မိမိတို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဖြစ်ကြောင်း၊ NLD ပါတီအင်အားသည် ငါးသန်း ကျော်ခန့်ရှိပြီး မိမိတို့ပါတီမှာ အင်အားတစ်သန်း ကျော်ခန့်ရှိကြောင်း၊ မိမိတို့ပါတီအနေဖြင့် ပါတီရုံး ခန်းပေါင်း ၃၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မိုးသီးဇွန်တို့ ပြဿနာတက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ မိမိအား၎င်း၏နေအိမ်တွင် မိုးသီးဇွန် နှင့်ပတ်သက်သည့် စာတစ်စောင်ထုတ်ရန် တာဝန်ပေးခဲ့ကြောင်း၊ မိမိတို့ပါတီဥက္ကဋ္ဌအား အထွေထွေအတွင်းရေးမှူး မိမိက ပြန်ပြီးရှင်းရမည့် ပွဲဖြစ်ကြောင်း၊ မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသည့်အတွက် ၎င်း၏ညွှန်ကြားချက်အရ စာအုပ်တစ်အုပ်ထုတ်ခဲ့ကြောင်း၊ “မိုးသီးဇွန် (သို့မဟုတ်) ကြိုးမဲ့လေတံခွန်” ဆိုသည့် စာတမ်းကို ရေးသားခဲ့ကြောင်း၊ ယင်းစာတမ်းကြောင့် မိမိတို့ပါတီနှစ်ခြမ်းကွဲခဲ့ရပြီး ပါတီမှာ ယနေ့အချိန်အထိ ပျောက်ကွယ်ခဲ့ရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မိမိအနေဖြင့် ယခုအချိန်တွင် ဖွင့်ချပြသင့်သည်ဟုထင်၍ ဖွင့်ချခဲ့ရခြင်း ဖြစ်ကြောင်း။

ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးကိုင်စွက်ဖက်မှုကြောင့် မိမိတို့ပါတီ ပြိုကွဲခဲ့ရကြောင်း၊ မိမိတို့ပါတီ မြေပေါ်တွင် မရှိတော့သည့်အတွက် NLD ပါတီသည် ပြိုင်ဘက်မရှိသည်အထိ အင်အားကြီးခဲ့ပြီး တစ်ခုတည်းသောပါတီဖြစ်လာခဲ့ကြောင်း၊ ထို့အပြင် NLD သည် လူထုထောက်ခံမှုများသည့် ပါတီလည်းဖြစ်ခဲ့ကြောင်း၊ ပါဂျောင်တွင် ထွန်းအောင်ကျော် အပါ အဝင် တောခိုသွားသည့် ကျောင်းသားများ အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ မိမိတို့တင်ပြခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သို့မျှဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း၊ အလားတူဦးနုမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်လည် ပေါင်းစည်းရေး ကြိုးပမ်းပေးရန် မိမိအားဦးမျိုးညွန့် ၏ရှေ့တွင် ပြောကြားပေးခဲ့သော်လည်း ဒေါ်အောင် ဆန်းစုကြည်မှ ဦးနုကိုလက်မခံခဲ့ကြောင်း၊ ထို့အတူ ဦးသုဝေ၊ ဝိဓူရသခင် ချစ်မောင်၊ ဗိုလ်ရဲထွဋ်တို့ အားလုံးကို မည်သူ့ကိုမှလက်မခံဘဲ ငါတကော ကောလာသည့်အချိန်တွင် ၈၈ တစ်ခုလုံးကို ငါတကောကောပြီး အကုန်လုံးကို ဖယ်ရှားသောကြောင့် မိမိတို့အနေဖြင့် ဘုရားပြီး၍ ငြမ်းဖျက်ခံခဲ့ ရသည့်ဘဝကို ရောက်ခဲ့ကြရကြောင်း။

ဗိုလ်မှူးကြီးဟောင်း ချစ်ခိုင်နေအိမ်တွင် မိမိအပါအဝင် သခင်တင်မြ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ ဦးလွင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုထိန်းကြမလဲ၊ ဒေါ်အောင်ဆန်းစုကြည်က ငါတကောကောပြီး ဆက်သွားရင် တိုင်းပြည်ဒုက္ခ ရောက်တော့မယ်ဆိုသည်ကို လျှို့ဝှက်အစည်း အဝေးလုပ်ကြကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး လက်ရှိသက်ရှိထင်ရှားရှိနေသည့် သူရဦးတင်ဦးအား မေးကြည့်၍ရကြောင်း၊ မိမိကို ထောက်လှမ်းရေးမှ မှားယွင်းဖမ်းဆီးသည့်အချိန်တွင် မိမိအားထောင်မှ လွှတ်ပေးရန် ဗိုလ်ချုပ်အောင်ရွှေမှ ဗိုလ်ချုပ်ခင်ညွန့်ကို တင်ပြရာတွင် အကြောင်းအမျိုးမျိုးကြောင့် ထောင်မှမလွှတ်ခဲ့သည့်အတွက် မိမိတို့ပါတီကို ပြန်လည်မထိန်းနိုင်တော့ဘဲ NLD ကို ထိန်းနိုင်သည့် တစ်ခုတည်းသော ကျောင်းသား ပါတီပျောက်ကွယ် ခဲ့ရကြောင်း၊ ထိုအချက်များသည် မိမိတို့ အသုံးချခံ ခဲ့ရသည့် အချက်များသာဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ ပြည်ပသို့ထွက်သွားမည့်အချိန်တွင် ဒေါ်အောင် ဆန်းစုကြည်ကို သွားရောက်တိုင်ပင်ရာတွင် မထွက်သွားဘဲ မြန်မာပြည်အတွင်းနေ၍ အဖမ်းခံရန် ညွှန်ကြားခဲ့ကြောင်း၊ မိမိတို့ကို မည်သည့် ခေါင်းဆောင်မှုမျှ မပေးနိုင်ဘဲမိမိတို့ ၈၈ တစ်ခုလုံး ကြေမွပျောက်ကွယ်သွားပြီး အားလုံး သစ်ခုတ်သမား များဖြစ်ခဲ့ခြင်းကြောင့် ၈၈ မျိုးဆက်များ အားလုံး ကိုယ်စား ယခုကဲ့သို့ မိမိအနေဖြင့် ဖွင့်ချပြခြင်း ဖြစ်ကြောင်း။

NLD အာဏာရလာသည့် အချိန်တွင် ဒေါ်အောင် ဆန်းစုကြည်နှင့် လက်တစ်ဆုပ်စာ လူတစ်စုမှ NLD နှစ်ပေါင်း ၅၀/၁၀၀ အထိ ဆက်လက်အာဏာရရှိ ရေးဆိုသည့် မဟာဗျူဟာချမှတ်ပြီးသည့်အခါတွင် လုပ်သင့်လုပ်နိုင်သည့် အရည်အချင်းရှိသည့် ရဟန်း ရှင်လူ ကျောင်းသားများအားလုံးသည် ဘေးရောက်၊ တောထဲရောက်ပြီး ပြည်ပြေးများဖြစ်ကာ သေသူ သေ၊ ကိုယ်ဖြစ်ကိုယ်ခံအဖြစ်နှင့် တစ်ဖန် ပြန်ဖြစ် လာပြီး NUG ပြန်ဖြစ်လာကြောင်း၊ NUG ၏ ကြိုးကိုင်မှု၊ NLD အစွန်းရောက်များ၏ ကြိုးကိုင် မှုကြောင့် PDF လူငယ်များနှင့် မြန်မာလူငယ်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NUG Virus ထိနေသည်ဟု ပြောလိုကြောင်း၊ ထို Virus ကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တစ်နိုင်ငံလုံးရှိ လူငယ်များသည် ကျော်မကောင်း၊ ကြားမကောင်းအောင် စစ်ကိုင်းတံတားထိပ်တွင် ရုပ်ရှင်ထဲကကဲ့သို့ သေနတ်ဖြင့် ခံပစ်မှုများဖြစ်ခဲ့ခြင်းသည် ဒေါ်အောင် ဆန်းစုကြည်နှင့် NUG, NLD Virus ၏ Effect များသာဖြစ်ကြောင်း၊ ထို့ကြောင့် ထို Virus ကို ချေမှုန်းရန် Virus ကို Virus နှင့် တူသည့်အရာကို ပြန်လည်ဖန်တီးပြီး Anti NLD , Anti NUG, Anti Virus တစ်ခု ပြန်လည်တည်ဆောက်ရန်လိုမည်ဟု မိမိအနေဖြင့် အကြံပြုလိုကြောင်း၊ ဖိတ်ခေါ် နေရုံမျှဖြင့် မရနိုင်ကြောင်း၊ မောင်မောင်ခေါ်၍ ဗျာ မထူးလျှင် အောင်ကျော်ခေါ်ရန် လိုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် Anti Virus ပြန်လည်ဖန်တီးရန် လိုမည် ဖြစ်ကြောင်း။ မိမိတို့ ၈၈ မျိုးဆက်သစ်ကြီး တစ်ခုလုံးအသုံးချခံခဲ့ရသကဲ့သို့ ယနေ့ကာလ၌ မြန်မာလူငယ်များအနေဖြင့် တောထဲတွင် ဘာလုပ် ရမည်ကို မသိဖြစ်နေကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် Virus၊ NUG , NLD Virus ကို ပျောက်ကွယ်သွားစေရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေကောင်စီအနေဖြင့် လူငယ်ထုကိုပြန်လည်စည်းရုံး ကာ လူငယ်ထုအားကိုယူပြီး ယင်း Virus များကို ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းတစ်ခုလိုအပ်နေသည်ကို အကြံပြုလိုကြောင်း၊ ထို့ကြောင့် နောင်တွင် မိမိတို့ကို ၈၈ တွင် အသုံးချခံခဲ့ရသကဲ့သို့ လက်ရှိ မြန်မာလူငယ်များ အသုံးချခံရမည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လူငယ်ကွန်ဗင်းရှင်းများ၊ လူငယ်ညီလာခံများ၊ လူငယ်တွေ့ဆုံပွဲများ၊ လူငယ်နိုင်ငံရေးပါတီများ ပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်ရန် အစီ အစဉ်ရှိ/မရှိမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက လူငယ်များနှင့်ပတ်သက်ပြီး ၈၈ အရေးအခင်းကာလတွင် ကျောင်းသားများကို အသုံးချခံခဲ့ရသည်များနှင့် ပတ်သက်၍ ကိုယ်တွေ့ အတွေ့အကြုံများကို ပြောပြခဲ့သည့်အတွက် ကျေးဇူးတင်ရှိသည်ကို ပြောလိုကြောင်း၊ NLD ပါတီအထဲတွင် လက်ရှိအချိန်အထိ စေ့စပ်ဆွေးနွေး ညှိနှိုင်းရေးလမ်းကြောင်းကို သွားလို သူများရှိနေကြောင်း၊ ၎င်းတို့ကိုယ်တိုင် ၈၈ မျိုးဆက်သစ်က ကျန်ရစ်ခဲ့သူများဖြစ်ကြောင်း၊ ၎င်းတို့ ပြောကြားချက်အရ NLD ပါတီအထဲတွင် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း NLD ပါတီအတွင်းမှ တောထဲရောက်သွားသူများ၊ အစိုးရဆန့်ကျင်နေသူများမှ ၈၀ ရာခိုင်နှုန်းခန့်သည် ၂၀၁၂ နောက်ပိုင်းတွင် NLD ပါတီအတွင်း ရောက်ရှိလာသူများ ဖြစ်သည်ဟု သိရကြောင်း၊ NLD ပါတီမှ ယခင်ကတည်းက သန္ဓေပါတီဝင်အများစုသည် ပြည်တွင်းမှာသာ ရှိနေကြပြီး ၎င်းတို့အနေဖြင့် စေ့စပ်ညှိနှိုင်းဆွေးနွေး ရေးလမ်းကြောင်းကိုသာ ယခင်ကတည်းက ယုံကြည်ခဲ့ပြီး လက်ရှိအချိန်အထိ ကိုင်စွဲနေကြသူများ ဖြစ်သည်ဟု သိရကြောင်း၊ ကိုယ်စားလှယ်များ၏ လေးပုံသုံးပုံခန့်သည် ငြိမ်းချမ်းစွာနေလိုသည်ဟု လက်မှတ်ရေးထိုးပြီး ကျန်ခဲ့သူများဖြစ်ကြောင်း၊ ထိုသို့ပြောရခြင်းသည် ဦးမိုးဟိန်းပြောသည့် အချက်အလက်များမှာ မှန်ကန်သည်ကို မိမိအနေဖြင့် ထောက်ခံထောက်ပြသည့် အကြောင်းအရာများကို ပြောခြင်းဖြစ်ကြောင်း။

လူငယ်များနှင့်ပတ်သက်၍ နိုင်ငံရေးအပိုင်း ထက် ပညာရေးပိုင်းနှင့် အသိပညာတိုးတက်ရေး အပိုင်းတို့တွင် လက်တွေ့လုပ်ဆောင်နေကြောင်း၊ ကျောင်းသားလူငယ်များနှင့် ပတ်သက်ပြီး ပညာရေးသာမက အခြေခံကျသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ နိုင်ငံ့အရေးပိုင်းအပိုင်းတွင် လုပ်ဆောင်မှု အားနည်းသည်ကို မိမိအနေဖြင့် ဝန်ခံကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့အစည်း အဆင့်ဆင့်၊ လူငယ်ရေးရာကို ကိုင်တွယ်သည့် အဖွဲ့ အစည်းအဆင့်ဆင့်တို့ကလည်း မှန်ကန်သည့် နိုင်ငံ့အရေး၊ မှန်ကန်သည့် အမျိုးသားရေးတို့တွင် မှန်ကန်သော လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်ရန် ဆက်လက်တိုက်တွန်း အားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဂျာနယ်မှ CEO ဦးမိုးဟိန်းက လက်ရှိတိုင်းပြည်ကို ဆူပူအုံကြွစေရန်လုပ်ဆောင် နေသည့် NUG မှ ဦးဆောင်သူများဖြစ်သည့် ရည်မွန်၊ ဆာဆာ၊ ဇော်ဝေစိုး၊ ပန်ဆယ်လို၊ မျိုးရန်နောင်သိန်း၊ မင်းမော်ကွန်းအစရှိသည့်သူများသည် ပြည်ပတွင် ရောက်ရှိနေပြီး ၎င်းတို့၏မိသားစုဝင် သား၊ သမီး များမှာလည်း ပြည်ပတွင် ကျောင်းတက်နေကြကြောင်း၊ သို့သော် ပြည်တွင်းတွင် ကျောင်းတက် နေသည့်ကလေးများအား ကျောင်းမတက်ရန်၊ ကျောင်းများပိတ်ရန် ဝါဒဖြန့် လှုံ့ဆော်နေကြ ကြောင်း၊ ထို့အတူ ခေတ်အဆက်ဆက် NLD နှင့် လက်ရှိ NUG ခေါင်းဆောင်များ၏ သားသမီးများ သည် ပြည်ပတွင် ကောင်းစားနေပြီး မည်သူ၏ သားသမီးသည် မည်သည့်နိုင်ငံ၊ မည်သည့်ကျောင်းတွင် တက်နေသည်ကို ပြည်သူများ သိရှိစေရန် ဓာတ်ပုံနှင့်တစ်ကွ ဖော်ပြထုတ်ပြန်ပေးစေလို ကြောင်းဖြင့် အကြံပြုပြောကြားသည်။

Bullet News ဂျာနယ်မှထုတ်ဝေသူ ဦးလှဆွေက ပန်းခင်းစီမံချက်ဖြင့် တစ်နိုင်ငံလုံးတွင် နိုင်ငံသား စိစစ်ရေးကတ်(မှတ်ပုံတင်) မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)များကို စီမံချက်ဖြင့် ပြုလုပ်ပေးနေသည်မှာ အောင်မြင်နေ သည်ဟုကြားသိရကြောင်း၊ အလားတူ လယ်ယာမြေနှင့် ပတ်သက်ပြီး ပုံစံ-၇ မရရှိသေးသည့် ပြည်သူများစွာရှိသည်ဟု သိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေ ဖြင့် ပုံစံ-၇ မရသေးသည့် တောင်သူများကို ပုံစံ-၇ ထုတ်ပေးရန် စီမံချက်တစ်ခုချမှတ်၍ လုပ်ဆောင် ပေးရန်အစီအစဉ် ရှိ/မရှိ မေးမြန်းလိုကြောင်းနှင့် နောက်ထပ် မေးခွန်းတစ်ခုမှာ နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းအုပ်စု၊ သီရိမင်္ဂလာ ကျေးရွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကတည်းက တည်ထားသည့်ကျေးရွာ ဖြစ်သည်ဟု သိရကြောင်း၊ ယင်းကျေးရွာတွင် အိမ်ခြေအများအပြားရှိပြီး ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများလည်းရှိကြောင်း၊ ယင်း ကျေးရွာသည် လက်ရှိတွင် သစ်တောကျူးအနေဖြင့် သာရှိနေပြီး ကျေးရွာအဖြစ် သတ်မှတ်ထားခြင်း မရှိသေးကြောင်း၊ ထိုကျေးရွာနှင့် ပတ်သက်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ခံတင်ပြထားကြောင်း၊ အဆိုပါ ကျေးရွာအား ကျေးရွာအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း။

အလားတူ နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ နေထိုင်ရန်အတွက် ဆောက်လုပ် ပြီးရောင်းချ ပေးနေသည့် သုခဝတီအိမ်ရာသည် လက်ရှိတွင် လေးထပ်၊ ငါးထပ်တိုက်အလုံး ၂၀/၃၀ ခန့် ဆောက်လုပ်ပြီး လူဦးရေ ၇၀၀ ခန့် လက်ရှိနေထိုင်လျက်ရှိကာ နောက်ထပ်လူဦးရေ ၁၀၀၀ ခန့်ထပ်မံရောက်ရှိ နေထိုင်လာနိုင်သည်ဟု သိရကြောင်း၊ လက်ရှိတွင် ယင်းအိမ်ရာတွင် နေထိုင်သူများ၏ အုပ်ချုပ်မှုနှင့် ပတ်သက်ပြီး အမြန်လမ်းအနောက်ဘက်ရှိ ဒိုးနွယ်ကျေးရွာအုပ်ချုပ်ရေးမှူးထံ ဧည့်စာရင်းတိုင်ခြင်း၊ ထောက်ခံစာများပြုလုပ်ခြင်းများ လုပ်ဆောင်နေရကြောင်း၊ ထို့ကြောင့် အဆိုပါ သုခဝတီအိမ်ရာအား ရပ်ကွက်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုကြောင်း နှင့် နောက်ဆုံးမေးခွန်းတစ်ခုအနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းမှ ဖမ်းဆီးရမိလက်နက်များသည် KIA ထုတ်များဖြစ်နေခြင်း၊ အလားတူ ဩဂုတ် ၁၆ ရက်၌ KIO အတွင်းရေးမှူးက အင်တာဗျူးတစ်ခု တွင် ၎င်းတို့အနေဖြင့် နိုင်ငံတော်အစိုးရကို ပုန်ကန်တိုက်ခိုက်နေသူ အားလုံးကို ထောက်ပံ့ရန် မူဝါဒချထားကြောင်း၊ နည်းမျိုးစုံနှင့် ထောက်ပံ့မည် ဖြစ်ကြောင်း၊ ယခင်ကတည်းကလည်း ထောက်ပံ့နေကြောင်း ဝန်ခံပြောကြားသွားသည်ကို ကြားသိခဲ့ရကြောင်း၊ လက်ရှိ ဖမ်းဆီးရမိလက်နက်များမှ KIA ထုတ်လက်နက်များ ဖြစ်ကြောင်း၊ ထို့ကြောင့် KIA လိုင်ဇာဌာနချုပ်ကို မတိုက်သေးဘူးဆိုလျှင်ပင် ၎င်းတို့၏ လက်နက်စက်ရုံအား ဗုံးကြဲသင့်သည်ဟု မိမိထင်မြင်ကြောင်း၊ ထို့ကြောင့် ဗုံးကြဲတိုက်ခိုက်ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပုံစံ-၇ နှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေကို ဦးစွာ ပြောကြားလိုကြောင်း၊ ၂၀၁၃ ခုနှစ်မှ စတင်၍ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ထုတ်ပေးနိုင်ရေး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် မြို့နယ်ပေါင်း ၃၀၁ မြို့နယ်၊ တောင်သူလယ်သမား ၆ ဒသမ ၁၉ သန်းကျော်နှင့် ဦးပိုင် ၁၀ ဒသမ ၀၈ သန်းကျော်လျာထားခဲ့ကြောင်း၊ စတင်ဆောင်ရွက်ခဲ့ချိန်တွင် လျှောက်လွှာပုံစံ(၁)ဖြင့် တောင်သူများ ကိုယ်တိုင် လာရောက်ထုတ်ယူ ခဲ့ရာ ၆ ဒသမ ၄၂ သန်းအထိ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်တွင် ပုံစံ-၇ ပြန်လည် ထုတ်ပေးပြီးစီးမှုမှာ တောင်သူပေါင်း ၆ ဒသမ ၁၄ သန်း၊ ဦးပိုင်ပေါင်း ၁၀ ဒသမ ၁၁ သန်း၊ ရာခိုင်နှုန်း အားဖြင့် ၉၉ ဒသမ ၂၇ ရာခိုင်နှုန်းအထိ ထုတ်ပေး နိုင်ခဲ့ကြောင်း၊ ကျန်ရှိသည့် တောင်သူများမှာ ငါးသောင်းကျော်ခန့် ကျန်ရှိခဲ့ပြီး ဦးပိုင်ပေါင်း ခုနစ် သောင်းခန့်ကျန်ရှိခဲ့သဖြင့် ကျန်ရှိမှုအနေဖြင့် သုည ဒသမ ၇၃ ရာခိုင်နှုန်းကျန်ရှိကြောင်း၊ ကျန်ရှိခဲ့သူများ သည် နယ်မြေဒေသအခြေအနေအရ သွားရောက်၍ မရခြင်း၊ ခက်ခဲခြင်း၊ မြေယာအငြင်းပွားမှုများရှိခြင်း၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားခွင့်ပြုကတ် မရရှိခြင်းများ၊ လယ်ယာမြေပိုင်ဆိုင်ထားသည့် အိမ်ထောင်စုအကြီးအကဲမှာ မြေတည်ရှိရာဒေသတွင် နေထိုင်မှုမရှိဘဲ အခြားဒေသတွင် ရောက်ရှိ နေပြီး ယခုအချိန်တိုင် လာရောက်၍ လျှောက်ထားမှု မရှိခြင်း စသည်ဖြင့် စစ်ဆေးတွေ့ရှိရကြောင်း။

ပုံစံ-၇ သည် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဖွဲ့စည်းပုံပါ တာဝန်နှင့် လုပ်ပိုင်ခွင့်အရ အပ်နှင်းထားသော လုပ်ငန်း တာဝန်မဟုတ်ကြောင်း၊ သို့သော် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အတွက် ဥပဒေအရအပ်နှင်းထားသည့် လုပ်ငန်း တာဝန်များသာဖြစ်ကြောင်း၊ ထို့ကြောင့် ပုံစံ-၇ ထုတ်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းခြင်း အပါအဝင် စုံညီအဖွဲ့အစည်းများနှင့် လုပ်ဆောင်ရ သည့် လုပ်ငန်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းသည် ပန်းခင်းစီမံချက်နှင့် သဘောသဘာဝမတူညီ ကြောင်း၊ ပုံစံ-၇ နှင့် ပတ်သက်၍ ပွင့်လင်းစွာ ပြောရလျှင် တချို့ကိစ္စများတွင် မသမာမှုများ ရှိနေသည်ဟု သိရှိရကြောင်း၊ ယင်းမသမာမှုဟု ဆိုရာတွင် လျှောက်ထားသူနှင့် ချပေးပိုင်ခွင့်ရှိသူတို့ နှစ်ဖက်စလုံးတွင် မသမာမှုများ ရှိနေသည်ဟု သိရကြောင်း၊ ယင်းကိစ္စများကို စစ်ဆေးနေရသည့်အတွက် ကြန့်ကြာမှုများ ရှိနေခြင်းဖြစ်ကြောင်း၊ စီမံချက်အနေဖြင့် လောလောဆယ် လုပ်ဆောင်ရန် အစီအစဉ်မရှိသေးကြောင်း၊ သို့သော် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြစ်ပေါ်လာသည့် အခြေအနေပေါ် မူတည်ပြီး ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။

ဒုတိယအနေဖြင့် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်း အုပ်စုမှကျေးရွာအဖြစ် သတ်မှတ်ပေးရန် အဆိုပြု ထားသည့်နေရာသည် ယခင်ကတည်းက သစ်တောမြေအထဲတွင် ပါဝင်ကြောင်း၊ ဘုရားတည်ထားသည် ဆိုသည့် အထောက်အထားများ ရှိသည်ဆိုသော်လည်း ယင်းဘုရားသည် သစ်တောအထဲတွင် တည်ထားသည့်ဘုရား (သို့မဟုတ်) နောက်မှရွာပေါ် လာသည်လားဆိုသည်ကို မိမိအနေဖြင့် မသိနိုင် ကြောင်း၊ နေပြည်တော်နယ်မြေတစ်ဝိုက်တွင် ထိုသို့သစ်တောမြေတွင် တည်ထားသည့် ရွာများရှိ ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယင်းတစ်ရွာတည်းကို ဦးစားပေး ဆောင်ရွက်မည်ဆိုပါက အလားတူရွာများ မြောက်မြားစွာရှိကြောင်း၊ နေပြည်တော်သည် ဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အညီ ယခင်ကတည်းက နေပြည်တော်ကို တည်ဆောက်ရာတွင် စနစ်တကျ မြို့ကွက်ချ တည်ဆောက်ခဲ့ကြောင်း၊ သို့သော်လည်း သစ်တောမြေများအတွင်း ဝင်ရောက်နေထိုင်သည်များလည်း ရှိကြောင်း၊ မကွေး- ကံပြားဘက်သွားသည့် လမ်း တစ်လျှောက်တွင်လည်းကောင်း၊ ပင်လောင်းဘက် သွားသည့်လမ်းတစ်လျှောက်တွင်လည်းကောင်း၊ အလားတူ တပ်ကုန်းဘက်သွားသည့်လမ်း တစ်လျှောက်တို့ရှိ ရွာများလည်းရှိကြောင်း၊ ထို့ကြောင့် တစ်ရွာတည်း ဦးစားပေးဆောင်ရွက်၍ မရကြောင်း၊ မြေပြင်အခြေအနေနှင့် ပတ်သက်ပြီး ဆက်လက်သုံးသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ သုခဝတီအိမ်ရာအား သုခဝတီရပ်ကွက်အဖြစ် သတ်မှတ်ပေးနိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဌာနများ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)