Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၂၂

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုသည် ဦးတည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်ရန်ဖြစ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပြီး ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ် နိုင်ငံတော်တာဝန်စတင် ထမ်းဆောင်ချိန်မှစ၍ အစိုးရအဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့ရာတွင် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ အငြိမ်းစားဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်းအကြီးအကဲများ ပါဝင်ဖွဲ့စည်း၍ အစိုးရတစ်ရပ်၏ လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွက်လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်သက်သည့် ဦးတည်ချက်များကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ချိန်တွင်လည်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း။

မိမိတို့တာဝန်ယူချိန်တွင် ကိုဗစ် ၁၉ ဒုတိယလှိုင်းဖြစ်ပွားမှုကို ကြုံတွေ့ခဲ့ရပြီး ဆေးဝါးနှင့်ဆရာဝန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒုတိယလှိုင်းကာလအတွင်း ပိုးတွေ့လူနာ ၁၄၂,၉၄၁ ဦး ရှိခဲ့ကြောင်း၊ တတိယလှိုင်း ဖြစ်ပွားခဲ့ချိန်တွင်လည်း ရောဂါဖြစ်ပွားမှု ပိုမိုပြင်းထန်ခဲ့ပြီး ပိုးတွေ့လူနာ ၃၉၁,၃၅၃ ဦး၊ သေဆုံးသူ ၁၆,၀၉၅ ဦးရှိခဲ့ပြီး အပြင်းထန်ဆုံးကာလ ဖြစ်ခဲ့ကာ အစိုးရအဖွဲ့အနေဖြင့် အခက်အခဲများကြားမှ ကျော်ဖြတ်ခဲ့ရကြောင်း။

အဆိုပါကာလတွင် CDM ပြုလုပ်သည့် ဝန်ထမ်းများကြောင့် အစိုးရ၏လုပ်ငန်းများ ထိခိုက်ခဲ့သကဲ့သို့ နိုင်ငံ့အခွန်ငွေများလည်း ပြည့်ဝစွာမရရှိခဲ့ဘဲ ပုံမှန်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုသာ ဆောင်ရွက်၍ ခက်ခဲစွာဖြတ် ကျော်ခဲ့ရကြောင်း၊ စတုတ္ထလှိုင်း ဖြစ်ပွားသည့် ကာလအစမှ ယခုလ ၂၁ ရက်အထိ ပိုးတွေ့လူနာ ၇၉,၉၈၃ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၁၂၇ ဦး ရှိခဲ့ကြောင်း၊ ယခင် ဒုတိယလှိုင်းနှင့် တတိယလှိုင်းကာလများထက်များစွာ ကျဆင်းသွားခဲ့ကြောင်း၊ ထိုသို့ကျဆင်း စေရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ပြည်သူလူထုများနှင့် အခက်အခဲ ဖြစ်ပွားချိန်တွင် အကူအညီများပေးခဲ့သည့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံနှင့် မိတ်ဆွေနိုင်ငံတို့ကြောင့်ဖြစ်ပြီး ယင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းတို့ကူညီ ပေးခဲ့မှုများကြောင့် မိမိတို့နိုင်ငံရှိ ပြည်သူများ ကိုဗစ်ဖြစ်ပွားမှုမှ များစွာလျော့ပါးစေခဲ့ကြောင်း၊ အခြားနိုင်ငံများအနေဖြင့်လည်း အထိုက်အလျောက် ကူညီမှုများရှိပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အခြားနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ဖြင့် မိတ်ဝတ်မပျက် ဆက်ဆံရေးဖြင့် ဆက်ဆံဆောင်ရွက်လျက်ရှိကြောင်း။

မည်သို့ပင်ဖြစ်စေ မိမိတို့အစိုးရအနေဖြင့် အခက်အခဲများကို အောင်မြင်စွာကျော်လွှား ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းရာတွင် လုပ်ငန်းများ အဆင်ပြေစေရန်နှင့် လူမှန်နေရာမှန် ဖြစ်စေရန်အတွက် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခင်ကာလများအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် အကြီးအကဲများ အားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ယခုအခါတွင်လည်း ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ရှေ့လုပ်ငန်းစဉ်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ရည်မှန်းချက်များကို အမြဲအကောင်အထည်ဖော် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးဖော်ဆောင်မှု

ဦးတည်ချက်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟူ၍ ဦးတည်ချက်များ ချမှတ်ထားကြောင်း၊ နိုင်ငံရေးဦးတည်ချက်တွင် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးဆိုသည်ကို နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံးက လိုလားကြကြောင်း၊ နိုင်ငံသားဆိုရာတွင် တိုင်းရင်းသားများမှ ပေါက်ဖွားလာသည့် နိုင်ငံသားများနှင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံတွင် ရောက်ရှိနေထိုင်ပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံရသူများလည်းရှိကြောင်း၊ အဆိုပါ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ငြိမ်းချမ်းမှုရှိရန် မဖြစ်မနေလိုအပ်ကြောင်း၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) အတိုင်းအလေးထား လုပ်ဆောင်သွားရေး အတွက်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ NCA တွင် လက်မှတ် ရေးထိုးထားသည့်အဖွဲ့ ၁၀ ဖွဲ့ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ယခုအခါ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေး ခြင်းများဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တို့ပေါ်တွင် အခြေခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါအဖွဲ့များနှင့် သဘောတူညီချက်များရရှိပြီး လက်မှတ် ရေးထိုးနိုင်သည်အထိ အကြိမ်ကြိမ်ထပ်မံဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နောင်တစ်ချိန် လွှတ်တော်များ ပြန်လည်ကျင်းပချိန်တွင် ငြိမ်းချမ်းရေးညီလာခံကို ပြန်လည်ကျင်းပ ပြုလုပ်၍ လွှတ်တော်အမတ်များနှင့် သဘောတူညီချက်ရရှိပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်၍ ထာဝရငြိမ်းချမ်းရေးရရှိရန် ရည်ရွယ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဥပဒေများရေးဆွဲရန် ကျန်ရှိနေသေးကြောင်း၊ ထို့ကြောင့် NCA လက်မှတ်ရေးထိုးပြီးချိန်တွင် ဆက်လက် ဆောင်ရွက်သွားနိုင်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေးများ ရရှိရန်အတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ဆွေးနွေးဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လိုပါကလည်း ဥပဒေနှင့် ညီညွတ်သည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ လက်နက် ဆက်လက်ကိုင်ဆောင် လိုပါကလည်း တပ်မတော်တွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်း၊ နယ်ခြားစောင့်တပ်များတွင် ဝင်ရောက်တာဝန် ထမ်းဆောင်ခြင်းများ ဆောင်ရွက်ခွင့်ပေးမည် ဖြစ်ကြောင်း၊ သို့သော်ပြည်သူများ ထိခိုက်နစ်နာမှုများဖြစ်အောင် ဆောင်ရွက်ခဲ့သည်များရှိပါက နစ်နာသူများက တောင်းဆိုလျင် ဥပဒေနှင့်အညီဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါ အချက်များကို ပြည်ထောင်စုဝန်ကြီးများ အနေဖြင့် အလျဉ်းသင့်သည့်အချိန်များတွင် ဆွေးနွေးတိုက်တွန်း ပြောကြားကြစေလိုကြောင်း။

နိုင်ငံတကာဆက်ဆံရေး

လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကို ကျင့်သုံးရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး၊ အာဆီယံအဖွဲ့ဝင်နှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ကြောင်း၊ အိမ်နီးချင်း ၅ နိုင်ငံရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အဆိုပါအဖွဲ့များ၏ ပဋိညာဉ်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပြီး မည်သည့် စစ်အုပ်စုအဖွဲ့မှ ဝင်ရောက်ထားခြင်းလည်းမရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးစွာဆက်ဆံလျက်ရှိသကဲ့သို့ ရုရှားနိုင်ငံနှင့်လည်း ရင်းနှီးသည့် ဆက်ဆံမှုရှိကြောင်း၊ ယခင်ကတည်းက အနောက်နိုင်ငံများနှင့် ရင်းနှီးသည့် ဆက်ဆံရေးများ ရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးမူဝါဒသည် ခိုင်ခိုင်မာမာရှိကြောင်း၊ အာဆီယံအဖွဲ့၏ ပဋိညာဉ်အခြေခံမူတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နည်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိခြင်း၊ တရားဥပဒေစိုးမိုးရေး၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေး၊ ဒီမိုကရေစီအခြေခံမူများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် အစိုးရရှိမှုဟူသည့် အခြေခံသဘောတရားများကို လိုက်နာခြင်းဆိုသည့် အချက်များပါဝင်ကြောင်း၊ အဆိုပါအချက်များကို ပြန်ကြည့်ပါက လက်ရှိအခြေအနေကို ထင်ဟပ်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရာတွင် တုန့်ပြန်သင့်သည့်အချက်များကို ပြန်လည်တုန့်ပြန် ဆောင်ရွက်ရန်လိုအပ်ကြောင်း။

စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး

စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာမှုရှိစေရန်နှင့် တိုးတက်မှုရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းတစ်ခုတိုးတက်မှုမရှိပါက ပြန်လည်သုံးသပ်ရန် လိုကြောင်း၊ ၂၀၁၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၃၁၅ မြို့နယ်ကျင်းပနိုင်ခဲ့ပြီး တစ်ကြိမ်နှင့်တစ်ကြိမ် မြို့နယ်အရေအတွက်များ နည်းပါးလာခဲ့ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီနှင့်ပတ်သက်သည့် အခက်အခဲများကြောင့် နည်းပါးခဲ့ခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အချို့သော မြို့နယ်များ၌ ရွေးကောက်ပွဲကျင်းပရန် ပြောကြားခဲ့သော်လည်း အချို့တာဝန်ခံဆောင်ရွက်သည့် အဖွဲ့အစည်းများက အဆိုပါမြို့နယ်များ၌ ၎င်းတို့ပါတီအောင်နိုင်ရန် အခွင့်အရေးနည်းပါးပြီး အခြားယှဉ်ပြိုင်ဘက်ပါတီမှ အနိုင်ရရှိနိုင်သည့်အတွက် ယခင်ကန့်ကွက်မှုများကို အကြောင်းပြ၍ ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့မှုများမှာ ဒီမိုကရေစီထက်၊ တိုင်းရင်းသားများ၏ အကျိုးထက် ပါတီ၏အကျိုးစီးပွား၊ ၎င်းတို့အဖွဲ့၏ ရေရှည်အာဏာရရှိရေး၊ ၎င်းတို့အဖွဲ့ကို ကျောထောက် နောက်ခံပြုထားသူများ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးရန်အတွက် ဦးစားပေး ဆောင်ရွက်ခဲ့သည်ကို ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် တွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက် ခဲ့ခြင်းများကြောင့် ဒီမိုကရေစီအမှန် တကယ်လိုလားသူများ၊ ပြည်ထောင်စုအကျိုးကို အမှန်တကယ် လိုလားသူများ၊ အမျိုးသားအကျိုးစီးပွားကို အခြေခံ၍တိုင်းပြည် တည်ဆောက်ရေးဆောင်ရွက် နေသူများအတွက် စိတ်ခံစားမှုများ များစွာဖြစ်ပေါ်ခဲ့ကြောင်း၊ အင်မတန်ဆိုးရွားသည့် သမိုင်း မှတ်တမ်းတစ်ခုဖြစ်ပြီး မည်သို့မျှဖျောက်ဖျက်၍မရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် ဦးတည်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အောင်မြင်အောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

လူမှုစီးပွားမြှင့်တင်ရေးတွင် ပညာရေးကဏ္ဍသည်အရေးကြီး နိုင်ငံရေးဟုဆိုရာတွင် စီးပွားရေးသည်လည်း ဆက်စပ်လျက်ရှိကြောင်း၊ အလားတူလူမှုရေးကိစ္စများသည်လည်း နိုင်ငံရေးနှင့် ဆက်စပ်လျက်ရှိကြောင်း၊ နိုင်ငံရေးကိစ္စတွင် အစိုးရ၊ ပါတီနှင့် ပြည်သူလူထုများတွင် တာဝန်ရှိကြောင်း၊ သို့သော် နိုင်ငံ၏စီးပွားရေးကို အစိုးရမှဥပဒေပြဋ္ဌာန်း၍ အစိုးရမှ ဦးဆောင်ပြီး ဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကကို ဆောင်ရွက်ခွင့်ပေးခြင်းများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် အစိုးရတွင် လုပ်ဆောင်ရန် တာဝန်ရှိကြောင်း၊ လူမှုစီးပွားတွင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးရှိပြီး ပညာရေးတွင် အားနည်းမှုများ ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အတန်းပညာ အားနည်းမှုများ ရှိသဖြင့် မိမိတို့အနေဖြင့် ပညာရေးမြှင့်တင်မှုများကို မလွဲမသွေလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြပြီး ၃၀ ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြကြောင်း၊ ကျေးလက်နေပြည်သူများ အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ဆောင်ကြကြောင်း၊ ကျေးလက်နေ ကလေးငယ်များ၏ ပညာရေးသည် အားနည်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားမြှင့်တင်ရေးအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

ပညာသင်ကြားရေးတွင် မူလတန်းပညာရေးကို မသင်မနေရအဖြစ် အခြေခံဥပဒေ၌ ပြဋ္ဌာန်းထားကြောင်း၊ ပြောင်းလဲလာသော ခေတ်အခြေအနေနှင့် နည်းပညာ လိုအပ်ချက်အရ KG + 9 အထိ မသင်မနေရအဖြစ် သတ်မှတ်၍ ပညာရေးကိုမြှင့်တင် ပေးရန်အတွက် မိမိတို့တာဝန်ယူချိန် ကာလအတွင်း ဆောင်ရွက်နေကြောင်း၊ ပညာသင်ကြားရေးနှင့် ပတ်သက်၍ အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး KG + 9 အထိသင်ကြားနိုင်ရေး နိုင်ငံတော်မှ မျှော်မှန်းဆောင်ရွက်နေကြောင်း၊ စာသင်ကျောင်း များအားလုံး ကျောင်းအင်္ဂါရပ်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ပေးရန်လိုအပ် သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းဝတ်စုံများသည်လည်း တစ်ပြေးညီ ဖြစ်အောင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပုံစံများကို ကလေးငယ်များ သိရှိနားလည်အောင် သင်ကြားဆောင်ရွက်ပေးရန် လိုကြောင်း၊ ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်က ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးငယ်များအတွက် ဒီမိုကရေစီသင်ခန်းစာများ သင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း၊ အဆိုပါသင်ခန်းစာများကို မြန်မာထုံးတမ်းစဉ်လာများနှင့် ကိုက်ညီအောင်ဆောင်ရွက်၍ စာသင်ကျောင်းများတွင် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိများရှိအောင် ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ဒီမိုကရေစီဟုဆိုရာတွင် မိမိတို့နိုင်ငံ၏ အမျိုးသားရေးစရိုက် လက္ခဏာနှင့် ယဉ်ကျေးမှုကို ထိခိုက်မှုမရှိစေနိုင်သည့် ပညာရေးစနစ်မျိုး ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ဒီမိုကရေစီနိုင်ငံရေးကို သင်ကြားရန်မဟုတ်ဘဲ ဒီမိုကရေစီအလေ့အကျင့် ကောင်းများကို သင်ကြားပေးနိုင်မည်ဆိုပါက ကောင်းမွန်သည့် ပညာရေးစနစ် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ အချို့ပုဂ္ဂလိက ကျောင်းများတွင်လည်း နိုင်ငံရေးနှင့် သက်ဆိုင်သည်များကို မသိမသာ သင်ကြားနေကြသည်ကို ကြားသိရသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကြပ်မတ် ဆောင်ရွက်ရန် လိုကြောင်း၊ စာသင်ကျောင်းများ အားလုံးမှ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားရာတွင် အတန်းတိုင်း အဆင့်တိုင်းတွင် သက်ဆိုင်ရာပညာရပ်များကို တတ်ကျွမ်းမှု ရှိအောင် သင်ကြားပေး နိုင်ရန်လိုကြောင်း။

ပညာရေးဝန်ထမ်းများနှင့်ပတ်သက်၍ လစာစရိတ်နှင့် ခံစားခွင့်များ ပိုမိုပေးအပ်ထားကြောင်း၊ ဒေသခံများအနေဖြင့်လည်း မိမိတို့ဒေသအကျိုးအတွက် ပညာရေးဝန်ထမ်းများအပေါ် ကူညီမှုများ ပေးရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ရံပုံငွေများသုံးစွဲရာတွင်လည်း လက်တွေ့ကျသည့် ပညာရည်မြင့်မားရေးအတွက် အထောက်အကူပြုသည့် ကိစ္စရပ်များတွင်သာ အသုံးပြုကြရန် လိုကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် စီးပွားရေး ပြန်လည် အားကောင်းအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စီးပွားရေးတွင် ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဘဏ္ဍာရေးစနစ်နှင့် ဘဏ်စနစ်များ ကောင်းမွန်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ ကုန်သွယ်မှုများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုမှ လုပ်အားခများ ရရှိမည်ဖြစ်ပြီး ငွေကြေး လည်ပတ်မှုများရှိလာမည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ မှန်မှန်ကန်ကန် လည်ပတ် နိုင်စေရန်အတွက် ဘဏ္ဍာရေးစနစ်များ မှန်ကန်ရန်လိုကြောင်း၊ မိမိတို့စတင်တာဝန်ယူချိန် ကာလတွင် ဘဏ်စနစ်များ ပြိုလဲမှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ဘဏ်များအပေါ်တွင် ပြည်သူများ ယုံကြည်မှုရှိရန် လိုကြောင်း၊ စီးပွားရေး အားကောင်းအောင် ဆောင်ရွက်ရာတွင် ငွေကြေးစနစ်များ ကောင်းမွန်ရန်လိုကြောင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်တို့ရှိ အချို့ဒေသများမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်ထုတ်လုပ်မှုများ ပုံမှန်နီးပါးအခြေအနေ သို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း အစွန်အဖျားပိုင်းသည် သွားလာရေးကန့်သတ်ချက်ရှိသဖြင့် PDF များ EAO များ စိတ်ဝင်စားကြောင်း၊ လက်နက်၊ ခဲယမ်းများ ပိုမိုစုဆောင်းလာသည်ကို တွေ့ရကြောင်း၊ EAO များ အနေဖြင့် ၎င်းတို့ နယ်မြေပြင်ပတွင် တိုက်ပွဲများဖြစ်ပွားရန် ပိုမိုလိုလား ပုံဖော်နေသည်ကိုတွေ့ရ၍ လုံခြုံရေးအသိ၊ သတိနှင့် ဆောင်ရွက်ရန်လိုကြောင်း။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စီးပွားရေးကဏ္ဍ မြှင့်တင်ရေး ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် “ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ သုံးစွဲဖို့အတွက် စုထားတဲ့ငွေတွေ ရှိတယ်။ ဒါဟာ ၂၀၂၀ လောက်ကတည်းက စစုခဲ့တာပေါ့။ ဘီလီယံပေါင်း ၄၀၀ ကျော်လောက်ရှိတယ်။ အဲ့ဒီမှာလည်း သုံးခဲ့တာလည်း ရှိပါတယ်။ ကိုဗစ်ရောဂါ ကုသရေးတို့ ကာကွယ်ရေးတို့၊ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ အသုံးစရိတ်တွေလည်း ကျွန်တော် အများကြီးပေးခဲ့ပါတယ်။ ပြင်ဆင်မှုကာလတွေ၊ ဆေးရုံတွေ၊ ဘာတွေကအစ အများကြီး ထောက်ပံ့ပေးတယ်။ ဒါပေမယ့် ငွေတွေက တော်တော်များများရှိနေတယ်။ ဒါသာမာန်ကျန်းမာရေး အသုံးစရိတ် မဟုတ်ပါဘူး။ ဒါသီးခြားရှိတဲ့ငွေတွေပါ။ ငွေဆိုတာကတော့ အိပ်နေတာ မကောင်းဘူး။ လည်ပတ်နေတာ အကောင်းဆုံးပဲ။ အဲ့ဒီတော့ ငွေဆိုတာကတော့ လည်ပတ်သုံးစွဲတာ ကတော့ ကောင်းတယ်။ ဒီလိုငွေတ အိပ်နေမယ့်အစားကို အကျိုးရှိတာ ဘာလုပ်မလဲ ဆိုတဲ့ အခါကျတော့ စဉ်းစားတဲ့ အခါမှာခုနကပြောတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းမှာ အသုံးချနိုင်ရင် ကောင်းမယ်ဆိုတဲ့ အတွေးလေးဝင်လာတယ်။ ဒါကြောင့် ကျွန်တော်တချို့ဝန်ကြီးတွေနဲ့ တိုင်ပင် ကြည့်တယ်။ ဒါလေးလုပ်ချင်တယ်။ ငွေတွေထုတ်သုံးလိုက်မယ်။ သူတို့ ဒါဆိုရင်တော့ ဘယ်လိုခေါင်းစဉ်နဲ့ သုံးရင် ဖြစ်နိုင်မယ်ဆိုပြီး သူတို့က ဒါလေးတွေ အကြံပြုကြတယ်။ အဲ့ဒါနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဆိုပြီးတော့ ပေါ်လာတာဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းတွေလည်း အကုန်ပေးပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီငွေတွေက နိုင်ငံတော်က ပေးရတဲ့ငွေ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေက မပျောက်ပျက်သွားဖို့တော့ လိုတာပေါ့။ မပျောက်ပျက်သွားဖို့ဆိုရင် ဒီပိုက်ဆံ ပြန်ဝင်လာဖို့ရာ အစိုးရကို တိုက်ရိုက်ဝင်တာရှိတယ်။ အစိုးရ တိုက်ရိုက်မဟုတ်ဘဲနဲ့ ဒီငွေကို အသုံးချပြီးတော့မှ ပြည်သူ့ရဲ့ ဘဝမြင့်မားရေး အတွက်လည်း ဖြစ်လာခဲ့တဲ့ဟာမျိုးကိုလည်း ဖြစ်စေဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်နည်းလမ်းနှစ်ခု စဉ်းစားပြီးတော့မှ တစ်အချက်ကတော့ စိုက်ပျိုးရေးနဲ့လုပ်တဲ့ နိုင်ငံတော်ကိုပြန်ပြီးတော့ အထောက်အကူရမယ့်လုပ်ငန်း ဘာနဲ့မီမလဲ ဆိုပြီးတော့၊ စပါးစိုက်ပျိုးရေးနဲ့ပဲ စိုက်ပျိုးရေးနှစ်ခုသွားတွေ့တယ်။ အဲ့ဒီတုန်းက ကျွန်တော် သုံးခုစဉ်းစားခဲ့တာပေါ့။ ဝါ ပါ ပါတယ်။ စပါးရယ်၊ ပဲရယ်။ ဝါရယ် စဉ်းစားခဲ့တာ။ဒါပေမယ့် ဝါက အချိန်မမီဘူး။ ဝါကအခု စိုက်နေကြပြီ။ မိုးကြို ဝါတွေ စိုက်နေကြပြီဆိုတော့ မမီနိုင်ဘူး။ မမီနိုင်တော့ မီတဲ့လုပ်ငန်း ဘာရှိမလဲဆိုတော့ ပဲနဲ့စပါးရှိတဲ့အတွက်ကြောင့် နွေစပါးနဲ့ပဲတီစိမ်း ပဲနှစ်မျိုးကို ဆောင်ရွက် ခြင်းဖြစ်ပါတယ်။ အဲဒါလည်း ပြည်နယ်နဲ့တိုင်းတွေမှာလည်း အကုန်လုံး အထောက်အကူ ရပါတယ်။ အဲ့ဒါအတွက် အခုကျွန်တော် ကိန်းဂဏန်းတွေ တောင်းကြည့်တယ်။ ဘယ်လောက်ထိ ဖြစ်နိုင်မလဲဆိုပြီးတော့၊ ပြည်နယ်နဲ့တိုင်းတွေ တင်ပြချက်မှာတော့ ပြည်နယ်နဲ့ တိုင်းအားလုံးနီးပါးလောက်၊ တိုင်းအားလုံးပေါ့၊ တိုင်းကြီးတွေ အားလုံးလောက် ဒါအကုန်လုံး အထောက်အကူရတာကို သွားတွေ့တယ်။ အနည်းနဲ့အများတော့ ကွာပါလိမ့်မယ်၊ သို့သော် တိုင်းကြီးတွေ အားလုံးက အထောက်အကူရတယ်။ ဒါတွေလည်း ဝန်ကြီးချုပ်များ အစီအစဉ်နဲ့ လုပ်ပါဆိုပြီးတော့ ပေးလိုက်ပါတယ်။ နောက်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတွေကိုလည်း ကျွန်တော်တို့ ပေးလိုက်တယ်။ ဒါတွေလည်း သူတို့ကလည်း ဘာလုပ်မလဲဆိုတော့ မြစိမ်းရောင်လုပ်ငန်းနဲ့ လုပ်ဖို့ ဖြစ်ပါတယ်။ မြစိမ်းရောင် ကတော့တကယ်ဗျာ။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ သမဝါယမ ဝန်ကြီးဌာနက အကောင်အထည် ဖော်တာတော်တော်ကို အောင်မြင်မှုရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အားရစရာ တော်တော်ကောင်းပါတယ်။ ဒါတွေက တောင်သူတွေရဲ့ တစ်ကယ့်ဘဝ မြှင့်တင်ရေးကို အများကြီး အထောက်အကူပေးတယ်။ ကျွန်တော်ကတော့ အောင်မြင်အောင် လုပ်ပေးလိုက်တာ။ အမှန်ကတော့ ဒါ Force တစ်ခုထည့်ပေးလိုက်တာ။ အားဆေးပေါ့ဗျာ။ ဆေးစကား ပြောရင်တော့ Booster ထိုးပေးလိုက်တာ။ ဒီလိုပဲ ခုနကပြောတဲ့ ပဲတီစိမ်းနဲ့ နွေစပါးစိုက်တဲ့ဟာကျတော့လည်း ကျွန်တော်တို့က ဒီအပေါ်မှာ ကျွန်တော်တို့က နိုင်ငံတော်က ငွေစိုက်ထုတ်ပေးလိုက်တာ၊ ဒီငွေစိုက်ပေးပြီး ဒီငွေကိုပဲ အကျိုးအမြတ် ရှိအောင်လုပ်ပြီးရင် ဒါကိုပြန်ဆပ်။ ပြီးရင်ရတဲ့ အမြတ်ပေါ်ကနေပြီးတော့ စိုက်ပျိုးရေး၊ ချေးထားတဲ့ စိုက်ပျိုးရေး ထောက်ပံ့ငွေ၊ ချေးငွေယူတဲ့ သူကတော့ အဲ့ထဲကနေ ၂၅ ရာခိုင်နှုန်း ပြန်ဆပ်။ ၇၅ ရာခိုင်နှုန်း ယူထား၊ သူကတော့ အကျိုးအမြတ် စားပေါ့လေ။ ပြီးရင် နောက်တစ်သီး ကျလို့ရှိရင် သူက ၂၅ ရာခိုင်နှုန်းပြန်ဆပ်၊ ၇၅ ရာခိုင်နှုန်း သူစား၊ အဲ့ဒီတော့ ၄ သီးစားပြီးလို့ရှိရင် သူ့ရဲ့ အကြွေးတွေ အကုန်ကြေသွားမယ်။ ဒီလို ကျွန်တော် မျှော်မှန်းပြီး လုပ်ပေးတာပါ။ ဒါကြောင့် ဒါကိုလည်း ပြည်ထောင်စုဝန်ကြီးဌာနများရော၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်များရော ပြည်နယ်ဦးစီးအဖွဲ့များရောဒါတွေကို မှန်မှန်ကန်ကန်နဲ့ အောင်မြင်မှု ရှိအောင် လုပ်ပေးကြဖို့ ကျွန်တော်ပြောလိုပါတယ်”

ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန်အတွက် အသေးစားအလတ်စား စီးပွားရေး လုပ်ငန်း(SME)များကို အားပေးသွားမည်ဖြစ်သကဲ့သို့ ဆန်စက်၊ ဆီစက်နှင့်ပဲခွဲစက် လုပ်ငန်းများကိုလည်း အားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ၎င်းလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် တောင်သူများနှင့် အလုပ်အကိုင်ဆောင်ရွက်ကြသူများ အနေဖြင့်လည်း လူမှုစီးပွားဘဝတိုးတက်လာမည် ဖြစ်ကြောင်း၊ အလားတူ မြို့ပေါ်နေပြည်သူများ အလုပ် အကိုင်ရရှိရေးအတွက်လည်း ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံအတွက် အမှန်တကယ် အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက် ပြောကြားရာတွင် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဩဂုတ် ၂၁ ရက်အထိ တစ်နိုင်ငံလုံးတွင် ရောဂါစစ်ဆေးမှုအနေဖြင့် ၈ သန်း ၆ သိန်းကျော်ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ၆ သိန်း ၁ သောင်းကျော်ရှိခဲ့ကာ သေဆုံးမှု ၁ သောင်း ၉ ထောင်ကျော် ရှိခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာန၊ တပ်မတော်နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ စုပေါင်း၍ ၃၂ သန်း ၉ သိန်းကျော်ကို ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးပြီး ဖြစ်ကာ တစ်ကြိမ်ထိုးနှံ ပြီးစီးသူ ၃ သန်း ၆ သိန်း ကျော်ရှိကြောင်း၊ Booster ဆေးထိုးနှံပြီးစီးသူ ၅ သန်းခန့်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသူများလည်း ရှိကြောင်း၊ လုံခြုံရေးအရထိုးနှံရန် အခက်အခဲရှိသူများကို လုံခြုံရေးဆောင်ရွက်ပေး၍ ထိုးနှံပေးနိုင်သည် ဖြစ်သော်လည်း အချို့မှာမူ ကာကွယ်ဆေးထိုးနှံရန် ကြောက်ရွံ့နေမှုများလည်း ရှိကြောင်း၊ ကာကွယ်ဆေးရရှိ အောင်ဆောင်ရွက်ပေးရန်မှာ အစိုးရ၏ တာဝန်ဖြစ်ပြီး လူ့အသက် ထက်အရေးကြီးသည်မှာ မရှိသည့်အတွက် ကာကွယ်ဆေးထိုးနှံကြစေရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးတပ်ဖွဲ့မှ ပညာရှင်များ၏ တွက်ချက်မှုအရ ဩဂုတ်လအတွင်း ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်မားလာနိုင်ချေရှိသည့် အတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာစေရေးအတွက်လည်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး ထုတ်လုပ်မှုနှင့် ပတ်သက်၍ Myancopharm ကိုလည်း တိုင်းပြည်၏လိုအပ်ချက်များအလိုက် ဆက်လက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ အမျိုးသားရေး မျှော်မှန်းချက်နှင့် နိုင်ငံရေး မျှော်မှန်းချက်များ ချမှတ်၍ ပန်းတိုင်အဖြစ် ဆောင်ရွက်လျက်ရှိကာ ပန်းတိုင် မပျောက်စေရေး အတွက် အစိုးရအဖွဲ့တွင် အဓိကတာဝန်ရှိပြီး နိုင်ငံရေးပါတီများ၊ နိုင်ငံသူ၊ နိုင်ငံသားများကလည်း ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ Moving Forward ဟူသည့်အတိုင်း ရှေ့သို့ဆက်လက်လှမ်း မှီသွားရမည်ဖြစ်ကာ တာဝန်ရှိသူများအားလုံးက မိမိထမ်းဆောင်ရသည့် နေရာဌာနအလိုက် လုပ်ငန်းအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းအောင်မြင်မှု ရှိစေအောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုများအားလုံး စနစ်ကျရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ အစိုးရ၏အလုပ်သည် တိုင်းပြည်တွင်းရှိသည့် ပြည်သူပြည်သားများအားလုံး သက်တောင့်သက်သာဖြင့် သွားလာနေထိုင်လုပ်ကိုင် စားသောက်နိုင်အောင် ဆောင်ရွက် ပေးခြင်းပင် ဖြစ်ကြောင်း၊ တိုင်းပြည်တိုးတက်မှု ရှိရမည်ဖြစ်ပြီး မိမိတို့၏ ရည်မှန်းချက်အတိုင်း အောင်မြင်အောင် လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်ရှိသူများ အားလုံးအနေဖြင့် ကြပ်ကြပ်မတ်မတ်ဖြင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ခရိုင်အသစ်များတိုးချဲ့ ဖွင့်လှစ်ရာတွင် အဓိကကျ၍ မဖြစ်မနေ ဖွင့်လှစ်သင့်သည့် ခရိုင်ရုံးများကို ဖွင့်လှစ်သွားရန်ဖြစ်ပြီး အဓိကအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းတို့တွင် လူမှုစီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေလိုအပ်သည့် ရုံးများဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးသွားကြရမည်ဖြစ်ကြောင်း၊

အလားတူ တရားရုံးချုပ်မှ တင်ပြလာသည့် ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးများ အသစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ အဆောက်အဦအသစ် ဆောက်လုပ်ခြင်းနှင့် ရှိပြီးသည့် အဆောက်အဦကို ပြန်လည်အသုံးပြုခြင်းဟူ၍ နှစ်ပိုင်းရှိကြောင်း၊ အသစ်တည် ဆောက်ရေးနှင့် ပတ်သက်၍ မြေနေရာရှိပြီးဖြစ်ပါက ဘတ်ဂျက်တွင် ထိုက်သင့်သည့် ပမာဏကို အချိုးကျထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း၊ အခြားနည်းလမ်းမှာ ရှိပြီးသည့်အဆောက်အဦကို ပြင်ဆင်ဖွင့်လှစ် သွားရန်ဖြစ်ကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ ထုတ်ကုန်မြှင့်တင်ရေး လိုအပ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ထုတ်ကုန်တင်ပို့မှုတွင် ပဲတင်ပို့မှုသည် အာဆီယံတွင် အများဆုံးဖြစ်ကြောင်း၊ သို့သော် ပဲအထွက်နှုန်း နည်းပါးနေကြောင်း၊ ထို့အတူ စပါးအထွက်နှုန်းလည်း နည်းနေသေးကြောင်း၊ အာဆီယံတွင် မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့သည် အဓိက စပါးတင်ပို့သည့် နိုင်ငံများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် FAO အစီရင်ခံစာအရ စပါးစိုက်ဧကတွင် ဟက်တာ ၆ ဒသမ ၆၅ သန်းရှိကြောင်း၊ ထိုင်းနိုင်ငံသည် ၁၀ ဒသမ ၄ သန်း စိုက်ပျိုးကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ၇ ဒသမ ၂ သန်း စိုက်ပျိုးကြောင်း၊ အထွက်နှုန်းကို ကြည့်ပါက မြန်မာနိုင်ငံသည် ၂၅ သန်း၊ ထိုင်းနိုင်ငံသည် သန်း ၃၀ နှင့် ဗီယက်နမ်နိုင်ငံသည် ၄၂ ဒသမ ၇၅ သန်းထွက်ရှိကြောင်း၊ ဗီယက်နိုင်ငံသည် တစ်နှစ်လျှင် စပါးကို သုံးသီးစိုက်ပျိုးသည့် နိုင်ငံဖြစ်သည်ဟု သိရကြောင်း၊ မိမိတို့နိုင်ငံတွင် နွေစပါးကို တစ်ဧက တင်း ၁၀၀ နှုန်းနှင့် မိုးစပါးကို တစ်ဧက တင်း ၈၀ နှုန်း ထွက်ရှိအောင် ပန်းတိုင်ရည်မှန်းချက် ပေးထားပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တောင်သူလယ်သမားများ အနေဖြင့် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း၊ စပါးအထွက်နှုန်းတိုးပြီး နိုင်ငံတကာသို့ ပိုမိုတင်ပို့ရောင်းချနိုင်ပါက တိုင်းပြည်၏ ဝင်ငွေပိုမိုရှိနိုင်ပြီး တောင်သူလယ်သမားများလည်း များစွာအကျိုးရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဧက အထွက်နှုန်းတိုးတက်ရေးသည် အဓိကကျပြီး အရေးကြီးကြောင်း။

ထို့ပြင် ရသင့်ရထိုက်သည့် အခွန်အခများရရှိရန်နှင့် အခွန်ကောက်ခံသည့် နယ်ပယ်ကို ချဲ့ထွင်ရန် လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ မရှိအောင် ထိန်းချုပ်ပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် သေချာစွာ စိစစ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အခွန်တိမ်းရှောင်မှုများမှ အခွန်ငွေများ ရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ငွေကြေးတန်ဖိုး မြင့်တက်ရေးကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တစ်ဖက်မှ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိအောင် လုပ်ဆောင်ပြီး တစ်ဖက်မှလည်း တိုင်းပြည်ဝင်ငွေ တိုးပွားအောင်လုပ်ဆောင်၍ တိုင်းပြည်စီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယင်းအခြေအနေကို အောင်မြင်အောင်ဆောင်ရွက် နိုင်မည် ဆိုပါက မိမိတို့၏ လုပ်ဆောင်မှုသည် မှတ်ကျောက်တင်ခံရနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများအနေဖြင့် စိတ်သစ်လူသစ်ဖြင့် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။