Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း

နေပြည်တော် ဩဂုတ် ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားခဲ့သည်များကို ထပ်ဆင့် ရှင်းလင်းမှာကြားဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ၂၀၂၂ ခုနှစ် ဩဂုတ် ရက်မှ ၁၀ ရက် အထိ ကျင်းပခဲ့သော လတာကာလအတွင်း လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပညာရေးနှင့်ပတ်သက်သော လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲအနေဖြင့် ပညာရေးကိုအထူးအားပေး မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အစည်းအဝေးပေါင်းများစွာတွင်လည်း ပညာရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ လမ်းညွှန် ပြောကြားခဲ့ပါကြောင်း၊ ပညာရေးအားနည်းချက်များကို ကုစားနိုင်ရန် ပညာရေးတာဝန်ရှိသူများနှင့် ပညာရေးမိသားစုများအားလုံး ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အဖြစ်သဘော လုပ်ခြင်းမဟုတ်ဘဲ ရေရှည်ကြည့်၍ လုပ်ကိုင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက် ရောက်စေရေး၊ အမှန်တကယ် ပညာတတ်မြောက်စေရေး၊ အနည်းဆုံးအလယ်တန်း အဆင့်နှင့်အထက် သင်ယူပြီးမြောက်စေရေးနှင့် ကျောင်းများတွင် အခကြေးငွေများကောက်ခံမှု မရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ အခြေခံပညာအထက်တန်း ကျောင်းများတွင် ကျောင်းအားကစားကွင်းရှိရန် လိုအပ်ပါကြောင်း၊ ကျောင်းအားကစားကွင်း မရှိသည့် ကျောင်းများအနေဖြင့် မြေနေရာ စံသတ်မှတ်ချက်များကို တိုင်းတာ၍ တင်ပြစေလိုပါကြောင်း။

အခြေခံပညာနှင့်ပတ်သက်၍ အတန်းကူးပြောင်းမှုရာခိုင်နှုန်း မှန်ကန်ရေးအတွက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်းအထက်တန်း ကျောင်းများအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ လုံခြုံရေးကိစ္စသည် ဝန်ထမ်းတိုင်း၊ လူတိုင်းနှင့်သက်ဆိုင်၍ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုပါကြောင်း၊ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင်ပါဝင်ကြသည့် ကျောင်းသားကျောင်းသူများအတွက် လိုအပ်လျှင် ကုစားပံ့ပိုး သင်ကြားမှုများဆောင်ရွက်ပေးရန် လိုပါကြောင်း၊ ဌာနဆိုင်ရာလုပ်ဖော် ကိုင်ဖက်အချင်းချင်း ဆက်ဆံရာတွင် တစ်ဦးနှင့်တစ်ဦး မေတ္တာထား၍ ဆောင်ရွက်ကြစေ လိုပါကြောင်း၊  မိုးရာသီကာလဖြစ်၍ ရာသီတုပ်ကွေး၊ ကိုဗစ်ရောဂါစသည်များ မဖြစ်ပွားစေရန် အတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်ကြ စေလိုပါကြောင်း  ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ထပ်ဆင့်ရှင်းလင်း၍ အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းများကို ထိရောက်စွာပို့ချသင်ကြားနိုင်ရေးအတွက် စနစ်တကျ ကြီးကြပ်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာနညွှန်ကြားရေး မှူးချုပ် ဦးကျော်စွာသွင်နှင့် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည် တို့က ဦးစီးဌာနအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်