နေပြည်တော် ဩဂုတ် ၂၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၀ ရက် နံနက် ၁၁ နာရီခွဲတွင် ကော့ကရိတ်မြို့နယ် ရေကျော်ကြီးကျေးရွာအုပ်စု တံတားကျိုးကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုမောင် မောင်းနှင်ပြီး ကျော်ဇင်အောင်နှင့် ရဲဝင်းပိုင်(ခ)ရဲကြီးတို့ လိုက်ပါလာသည့် Sunlong အမျိုးအစား ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ Ammonium Nitrate ကီလို ၁၀၀၀ သိမ်းဆည်းရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် အမှတ်(၂)ချစ်ကြည်ရေးတံတားလမ်းတွင် ကျော်မျိုးမင်း (ခ) ဖိုးကျော် (ခ) ကျော်ကြီး မောင်းနှင်လာသည့် Canter အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ Ammonium Nitrate ကီလို ၂၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ် ကတ်ဖကျေးရွာအုပ်စု ဟွေဆိုင်းကျေးရွာအနီးတွင်ရာချို့အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၂၀၀ ကိုလည်းကောင်း၊ အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ စိုင်းအောင်ခမ်း(ခ)အောင်ခမ်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိုင်းအောင် ခမ်း(ခ)အိုက်လုံ၊ စိုင်းရီကျောက်(ခ)ထစ်၊ စိုင်းရီတစ်(ခ)အားဖာတို့ လေးဦးအား တွေ့ရှိရပြီး ကက်တမင်း ၂၄ ကီလို၊ အက်တက်စီဆေးမှုန့် သုည ဒသမ ၂ ကီလို၊ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသောအမှုန့် (Happy Water) သုည ဒသမ ၄၂၃ ကီလို၊ ၉ မမ(ဘလိုင်း)ကျည် ၃၃ တောင့်၊ ၉ မမကျည် ၂၇ တောင့်၊ ကဖင်း ၂၅၀ ကီလိုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ည ၉ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) ကျေးရွာအုပ်စု ဝမ်နားကျေးရွာနေ စိုင်းရှဲန်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိုက်စ် နှစ်ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးများ ရောင်းချပေးသူ စိုင်းရှဲန်ခမ်း(ခ)အိုက်ပျန်းအား တာချီလိတ်မြို့နယ်မိုင်းဖုန်း(က)ကျေးရွာ အုပ်စုဝမ်နားကျေးရွာရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား